မူဆယ်မြို့- နမ့်ခမ်းကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားအနီး တရုတ်- မြန်မာနယ်စပ်ရှိ ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ဝင်ရောက်တိုက်ခိုက်ရခြင်း သတင်းရှင်လင်းချက်

၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်

 

မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်-နမ့်ခမ်း ကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားအနီးရှိ ပြည်သူ့စစ် လောင်းကစားရုံအား မေလ ၁၂ ၇က်နေ့ နံနက် ၀၅း၀၀ နာရီမှ ၀၇း၀၀ နာရီအချိန်ထိ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ဝင်ရောက်ရှင်လင်းရာမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

မူဆယ်-နမ့်ခမ်း ကားလမ်မ မူဆယ်မြို့အ၀င် နမ့်ပေါ်ပန်ခမ်း တံတားအနီးရှိ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံသည် ကားလမ်းမနှင့် ကိုက် (၃၀၀) အကွာတွင် မြန်မာစစ်တပ် ကျောထောက်နောက်ခံဖြင့် ဖွင့်လှစ်ထားပါသည်။

 

ထိုလောင်းကစားရုံသည် အကြီးစား (casino) ဒိုင်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသည့် မြန်မာစစ်တပ် ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်များက ကာကွယ်လုံခြုံရေး ပေးထားသည်။ လောင်းကစားရုံတွင် လောင်းကစားမှု အမျိုးစုံပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး မျိုးစုံ ရောင်းဝယ် သုံးစွဲသည့် နေရာတစ်ခုလည်းဖြစ်သည်။ လောင်းကစားဝိုင်းအတွင်း ၀င်ရောက်ကစားပြီး အနိုင်ရရှိသူများအား ထိုလုံခြုံရေးတပ်ဖွဲ့၏ ငွေညစ် အသက်ဖျောက်မှု များလည်း များစွာရှိခဲ့ပါသည်။

 

လောင်းကစားရုံ ရှိနေခြင်းကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် အကျိုးစီးပွား မကြာခဏ ခိုးဆိုးလုယက်မှု ဖြစ်ပေါ်နေ ရခြင်း လောင်းကစားရုံ၌ မူးယစ်ဆေးဝါး အချိန်အခါမရွေး ဝင်ရောက်သုံးစွဲနိုင်မှုကြောင့် ပြည်သူများ မူးယစ်သားကောင်ဘဝ ရောက်ခဲ့ရပါသည်။

 

ထို့အပြင်မြန်မာစစ်တပ် ကျောထောက်နောက်ခံ ပန်းဆေးပြည်သူ့စစ်ဖွင့်သည့် လောင်းကစားဝိုင်းသည် တရုတ်-မြန်မာနယ်စပ် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ တရုတ်နိုင်ငံသားများအား လောင်းကစားများ အတင်းအဓမ္မ ကစားစေပြီး ငွေညစ်ခြင်း၊ ငွေမပေးနိုင်သူများကို သတ်ဖြတ်ခြင်းများ ယခုနှစ်ပိုင်းအတွင်း ပိုမို ပြုလုပ်လာသည်။

 

မြန်မာစစ်တပ်နှင့် ဒေသခံ အာဏာပိုင်များအား အကျိုးအမြတ်ပုံမှန် ခွဲဝေပေးသဖြင့် တရုတ်ဒေသခံ ရွှေလီ အာဏာပိုင်များ အနေဖြင့် တရုတ် နိုင်ငံသားများ ထိုလောင်းကစားဝိုင်းသို့ မသွားနိုင်ရန် ပိတ်ပင်တားဆီးရာတွင် မြန်မာအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မှု မရခြင်းကြောင့် တရုတ် ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ခက်ခဲနေပါသည်။

၂၀၁၆-၂၀၁၇-၂၀၁၈ ကာလတိုအတွင်းတွင်ပင် တရုတ်နိုင်ငံသား ရာပေါင်းများစွာ ပြန်ပေးဆွဲခံရခြင်း၊ လောင်းကစားကြောင့် ငွေညစ်ခံရခြင်း၊ တောင်းသည့်ငွေ မပေးနိုင်သဖြင့် သတ်ဖြတ် ခံရခြင်းများရှိခဲ့သည်။

 

ထိုလောင်းကစားဝိုင်း အတွင်းတွင် တရုတ်နိုင်ငံသားများ ရာဂဏာန်းနီးပါး သတ်ဖြတ် အစဖျောက်ခံရသည်။

 

ထို့ကြောင့် မြန်မာစစ်တပ် ကျောထောက်နောက်ခံ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံအား တအန်းတပ်မတော် TNLA မှ ၀င်ရောက် ရှင်းလင်း တိုက်ခိုက်ရခြင်းဖြစ်သည်။

 

 

 

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန

 

မူရင်း PDF File အား ဤနေရာတွင် Download ရယူနိုင်ပါသည်။

တရုတ်ဘာသာဖြင့် ဤနေရာတွင် Download ရယူနိုင်ပါသည်။