ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ – ရာစု ပင်လုံ အား နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်လာရန် ခြေလှမ်းအစအဖြစ် ကြိုဆိုကြောင်း PSLF/TNLA သဘောထားထုတ်ပြန်ချက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ – ရာစု ပင်လုံ အား နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်လာရန် ခြေလှမ်းအစအဖြစ် ကြိုဆိုကြောင်း PSLF/TNLA သဘောထားထုတ်ပြန်ချက်
ထုတ်ပြန်ချက် အမှတ် (၀၁၁/၂၀၁၆)
ရက်စွဲ။ ။ ၃ ရက်၊ စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ်။

၁။ ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလ (၃) ရက်ထိ လေးရက်တိုင်တိုင် ကျင်းပနိုင်ခဲ့ သည်မှာ မြန်မာနိုင်ငံ၏ရှည်ကြာလှသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်လာရန် ခြေလှမ်းအဖြစ် ထောက်ခံကြိုဆိုကြောင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-T.N.L.A ၏ သဘောထားကိုထုတ်ပြန်ကြေညာအပ်ပါသည်။
၂။ ၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီး၊ အစုအဖွဲ့အသီးသီး နှင့် လူပုဂ္ဂိုလ် အသီးသီးတို့၏ တင်ပြချက်စာတမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ အစစ်အမှန် တည်ဆောက်နိုင်ရန် ပွင့်လင်းစွာတင်ပြခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။ ထိုတင်ပြချက်များကို လက်တွေ့ကျကျ သုံးသပ်ဆွေးနွေးပြီး နိုင်ငံရေး ပြဿနာအတွက် ကြိုးပမ်းအဖြေရှာနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
၃။ တိုင်းရင်းသားလူမျိုးစုပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်သစ်များကိစ္စ ပွင့်လင်းစွာတင်ပြခဲ့သည်ကို မိမိတို့ PSLF/TNLA အနေဖြင့် များစွာဝမ်းသာအားရမိပါသည်။
၎။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD မြန်မာအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများမှာ တိုင်းရင်းသားပြည်သူများ၏လိုလားမှုအတိုင်း ဦးတည်လာသော်လည်း၊ တိုင်းရင်းသားဒေသများ တွင် လုံခြုံမှုကင်းမဲ့ပြီး တိုက်ပွဲများဖြစ်နေသည့်အခြေအနေကို အထူးစိုးရိမ်မိပါသည်။ မိမိတို့အနေဖြင့် လက်ရှိ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ပါဝင်ပံ့ပိုးသည့်အနေဖြင့် မိမိတို့ဒေသအတွင်းရှိ မြန်မာ့တပ်မတော်၏ ထိုးစစ် ကို အတတ်နိုင်ဆုံးဆက်လက်ရှောင်ရှားပြီး၊ ထိတွေ့မှုများဆက်လက်လျော့ချသွားပါမည်ဟု အသိပေးဖော်ပြအပ်ပါသည်။

၅။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာတွေ့ဆုံအဖြေရှာရန် အပြည့်အဝဆန္ဒရှိပါသည်။ ထို့ကြောင့် လက်ရှိ NLD ဦးဆောင်သည့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန်အဆင်သင့်ဖြစ်ကြောင်း မိမိတို့၏ ရပ်တည်ချက်သဘောထားကို ထုတ်ပြန်လိုက်ပါသည်။

“ဘုပ်ဘိုန် ကုင်တအာင်း”

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – P.S.L.F
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – T.N.L.A

150490171779247567

မူရင်း PDF file အား ဤ PSLF St on 21 Pinlong Conference Sep 2016  နေရာတွင် download ရယူနိုင်ပါသည်။