“ပြည်သူ့စစ်အဖွဲ့၊ မူးယစ်ဆေးဝါးနှင့် လောင်းကစား”

လွတ်လပ်ရေးရခါစဖြစ်သော မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသထဲသို့ ကွန်မင်တန်တရုတ်ဖြူတို့က တရုတ်ကွန်မြူနစ်ပါတီ၏ တပ်နီတော်နှင့် စစ်ရှုံးသောအခါ တန်ပြန်တော်လှန်နိုင်ရေးအတွက် ကျူးကျော်ဝင် ရောက်ခြေကုပ် ယူခဲ့သည်။ ၎င်းတို့နှင့်အတူ ဟီရိုအင်း (Heroin) ခေါ် ဘိန်းဖြူထုတ်လုပ်သည့် နည်းပညာကို လည်း အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် တပါးတည်းပါလာပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ထိုင်းနယ်စပ် တစ်လျှောက်တွင် အခြေပြုပြီး မူးယစ်ဆေးဝါးလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ကိုင်လာခဲ့ကြသည်။

မြန်မာနိုင်ငံသည် ယခင်ဗြိတိသျှကိုလိုနီခေတ် ၁၉၀၀ ခုနှစ်ပြည့်၊ ပတ်ဝန်းကျင်ကတည်းက မြန်မာနိုင်ငံ ၏ မြောက်ဖက်နှင့် အရှေ့ဖက်တောင်ကုန်းတောင်တန်းပေါ်တွင် ဘိန်းစိုက်ပျိုးပြီး ဖြစ်သည်။ ထိုစဉ်အခါက ဘိန်းမဲများကို ရန်ကုန်၊ မော်လမြိုင်၊ ဘန်ကောက်၊ စင်္ကာပူ၊ မလေးရှားစသည့်ဒေသများရှိ လိုင်စင်ရဘိန်းခန်းများ ဆီသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရှိရင်းစွဲ ဘိန်းစိုက်ပျိုးမှုကို ပိုမိုစိုက်ပျိုးလာအောင် ဈေးမြှင့်၍ ဝယ်ယူကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသတစ်ခုလုံးတို့မှာ ဘိန်းစိုက်ပျိုးမှုကို တဟုန်ထိုး တိုးတက်လာခဲ့သည်။

ထိုဘိန်းကုန်ကူးရောင်းဝယ်ရေးထဲမှာ မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့် ကိုးကန့်လူမျိုးတို့ အများဆုံး ပါဝင်ပတ်သက် နေကြသည်။ ထိုသူတို့အား အထူးသဖြင့် အဝယ်ကိုယ်စားလှယ်တော်များ အဖြစ်ထားရှိကာ အရင်းအနှီးငွေ၊ ဝန်တင်လား၊ လုံခြုံရေးအတွက် လက်နက်များ ထုတ်ပေးခဲ့သည်။ ထိုအထဲတွင် လော်စစ်ဟန် (Lo Hsing Han) နှင့် လော်စစ်မင်း (Lo Hsing-min) တို့ ညီအစ်ကိုနှစ်ယောက်နှင့် ခွန်ဆာ (ခ) ချန်ရှီဖူ (Chang Shee-Fu) တို့ ထင်ရှားသည်။ တရုတ်ဖြူတပ်ဖွဲ့တို့ မြန်မာပြည်ထဲတွင် လွတ်လွတ်လပ်လပ် ခြေကုပ် ယူနေချိန်တွင် လော်စစ်ဟန်နှင့် ခွန်ဆာ (Khun Sa) တို့က ရှမ်းပြည်နယ်အတွင်း တောင်နှင့် မြောက်ကို ကူးချီ သန်းချီပြီး တရုတ်ဖြူတပ်ဖွဲ့အတွက် ဘိန်းမဲများကို ဝယ်ယူပို့ဆောင်ပေးခြင်းဖြင့် ကြွယ်ဝချမ်းသာလာကြသည်။

တရုတ်ဖြူတပ်ဖွဲ့ကို မြန်မာနိုင်ငံမှ မောင်းထုတ်ပြီးနောက်ပိုင်းတွင် လော်စစ်ဟန်နှင့် ခွန်ဆာတို့သည် ကာကွယ်ရေးတပ်ဖွဲ့သို့ အသွင်ပြောင်းကာ မူလဘိန်းကုန်ကူးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သည့်အပြင် ဟီရိုအင်း (ခ) ဘိန်းဖြူထုတ်လုပ်သည့် နည်းပညာကိုလည်း လက်ဆင့်ကမ်းရရှိနိုင်ခဲ့သည်။ တစ်ချို့သော တရုတ်ဖြူတပ်ဖွဲ့ဝင်များသည် ထိုင်ဝမ်သို့မပြန်ဘဲ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကို အခြေချနေထိုင်ပြီး မူးယစ် ဆေးဝါးလုပ်ငန်းများကို လော်စစ်ဟန်နှင့် ခွန်ဆာတို့နှင့်ပူးပေါင်း၍ ဆက်လက်လုပ်ကိုင်နေခဲ့သည်။  နောင်တွင် ပေါ်ပေါက်လာမည့် မြန်မာနိုင်ငံ၏ ဘိန်းဘုရင်လောင်းလျာများဖြစ်ကြသော လော်စစ်ဟန်နှင့် ခွန်ဆာတို့နှစ်ဦး သည်လည်း ဘိန်းကုန်ကူးမှုကို လွတ်လွတ်လပ်လပ်လုပ်နိုင်ရန် မြန်မာစစ်တပ်လက်အောက်ခံ ကာကွယ်ရေး တပ်ဖွဲ့ဟူ၍ နာမည်ခံယူကာ ယခင်က ပုံစံများထက် ဘိန်းမဲများကို မြောက်ပိုင်းဒေသမှ ထိုင်းနယ်စပ်ရှိ လျှို့ဝှက် ဘိန်းချက်စခန်းသို့ ကားဖြင့် ပိုမို၍ သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ လော်စစ်ဟန်ညီအစ်ကိုတို့က လားရှိုးမြို့တွင် အခြေချပြီး ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ကိုလည်းကောင်း၊ ခွန်ဆာက သူ၏မွေးရပ်မြေ တန့်ယန်းမြို့နယ်၊ လွယ် မော်ကျေးရွာကို အခြေပြုပြီး လွယ်မော်ကာကွယ်ရေးတပ်ဖွဲ့ကိုလည်းကောင်း ဖြစ်လာခဲ့ကြသည်။ လော်စစ်ဟန် သည် မြန်မာနိုင်ငံတွင် သန့်စင်သော ဘိန်းဖြူကို ပထမဦးဆုံးထုတ်လုပ်နိုင်သော မြန်မာနိုင်ငံသား ကိုးကန့် လူမျိုးဖြစ်၍ မူးယစ်ဆေးဝါးလုပ်ငန်းလောကတွင် ဘိန်းဖြူဖခင် (Godfather of Heroin) ဟု လူသိများခဲ့သည်။

ဤကဲ့သို့ ဘိန်းမဲများကို ထိုင်းနယ်စပ်သို့ ကာကွယ်ရေးတပ်ဖွဲ့က အလွန်အကျွံ သယ်ယူပို့ဆောင်နေ သောကြောင့် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာပြီး တောင်ကြီးတွင် ခွန်ဆာ၏ ဘိန်းမဲများကို ပိဿာချိန် မြောက်မြား စွာ ဖမ်းဆီးရမိသောအခါ ခွန်ဆာဦးဆောင်သည့် လွယ်မော်ကာကွယ်ရေးတပ်ဖွဲ့က တောခိုခဲ့ကြသည်။ ခွန်ဆာ သည် နိုင်ငံရေးမျက်နှာဖုံးစွပ်ပြီး ရှမ်းပြည်တပ်မတော် (Mong Tai Army) အမည်ဖြင့် အင်အားကြီးမားလာကာ နိုင်ငံတကာမှအလိုရှိဆုံး ဘိန်းရာဇာ (The Opium King) တစ်ယောက်ဖြစ်လာခဲ့သည်။ အင်အားကြီးလာသော ခွန်ဆာ၏ MTA တပ်ဖွဲ့ကို မြန်မာစစ်တပ်က ရှမ်းပြည်နယ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တခြား တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ကို တိုက်ခိုက်ရန် ကျားကန်တပ်ဖွဲ့အဖြစ်ထားရှိကာ မူးယစ် ဆေးဝါးကို မြန်မာစစ်တပ်နှင့် လက်ဝါးချင်းရိုက် လုပ်ကိုင်ခွင့် ပေးထားခဲ့ပြန်သည်။

                                                                                        ——–ပန်ဆေးကျော်မြင့်၏ သား (ရန့်ကျီယို့)နှင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးတို့အား အတူတွေ့ရစဉ်

လော်စစ်ဟန်လည်း နောက်ပိုင်းတွင် တောခိုပြီး ထိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု အားပြိုင် လာခဲ့ကြသည်။ ၁၉၇၃ ခုနှစ်တွင် လော်စစ်ဟန်က ထိုင်းရဲ၏ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံအစိုးရထံ လွှဲပြောင်း ပေးခဲ့သည်။ နှစ်အနည်းငယ်အတွင်း ထောင်ကျနေသော လော်စစ်ဟန်ကို ဦးနေဝင်း၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ၁၉၈၀ ခုနှစ်တွင် ပြန်လည်လွတ်မြှောက်လာသောအခါ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်းများကို ၁၉၈၉-၉၀-၉၁ ခုနှစ် များအထိ ဆက်လက်လုပ်ကိုင် နေသေးကြောင်း တွေ့ရှိခဲ့သည်။

နဝတစစ်အစိုးရလက်ထက်တွင် လော်စစ်ဟန်က အေရှဝေါကုမ္ပဏီ (Asia World Group) ကို ၁၉၉၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် စတင်ထူထောင်ပြီး သားဖြစ်သူ ဦးထွန်းမြင့်နိုင် (ခ) ဆတီဗင်လော (Steven Law) ကို ဦးဆောင်စေခဲ့သည်။ လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်သည် မြန်မာနိုင်ငံတွင် နဝတခေတ်မှာသည် ယနေ့ခေတ်ကာလအထိ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင်ဖြစ်ပြီး စစ်တပ်နှင့် အနီးစပ်ဆုံး ခရိုနီတစ်ဦး ဖြစ်သည်။

၁၉၉၀-၉၁ ခုနှစ်မှစတင်ပြီး ခွန်ဆာ၏ မူးယစ်ဆေးဝါးကုန်သွယ်ရေးကွန်ယက်ကို အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်းပြီး ဖြိုဖျက်နိုင်ခြင်း၊ ၁၉၉၅ ခုနှစ်အတွင်းတွင် မိမိကိုယ်ကိုမိမိ လွတ်လပ်သော ရှမ်းနိုင်ငံ တော် သမ္မတအဖြစ် ကြေညာသောကြောင့် နဝတစစ်အစိုးရ၏ စစ်ရေးဖိအားမြင့်မားလာခြင်းနှင့် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် MTA တပ်ဖွဲ့၏ အရေးပါသော ကုန်သွယ်ရေး စစ်စခန်းများဖြစ်ကြသော မိုင်းဆက် မြို့နယ်နှင့် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ်တစ်ကြောရှိ မိန်းတွန့်၊ မိန်းယွမ်း၊ လွယ်လန်း၊ လွယ်ဖာပုတ်နှင့် နားကောင်းမူးဒေသတို့ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့၏ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်မှုတို့ကြောင့် ထိုလတွင်ပင် နဝတစစ်အစိုးရထံအညံ့ခံ လက်နက်ချခဲ့ရသည်။

MTA တပ်ဖွဲ့တို့ စစ်အစိုးရထံ လက်နက်ချသောအခါ နယ်မြေဒေသအသီးသီးသို့ ရောက်ရှိနေကြသော ခွန်ဆာတပ်ဖွဲ့အချို့တို့ကို မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်ဖြင့် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းပေး ထားပြီး မူလမူးယစ်ဆေးဝါးလုပ်ငန်းကို မိမိထိန်းချုပ်ရာနယ်မြေဒေသအသီးသီးတွင် လုပ်ကိုင်ခွင့်ပြုထားသည်။ ဗိုလ်မွန်း (ဝလူမျိုး) ဦးဆောင်သော မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့၊ ဦးလောမား (တရုတ်လူမျိုး) ဦးဆောင်သော မိုင်းဟဌာနေပြည်သူ့စစ်အဖွဲ့နှင့် ဦးတာ့မဟာကျာ (ဝလူမျိုး-တာ့မဟာဆန်းနှင့် ဖအေတူမအေကွဲညီတော်စပ်သူ) ဦးဆောင်သော ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့တို့ တွေ့ရသည်။ ဦးယွက်ဆစ်ဦးဆောင်သော တပ်ရင်းတစ်ရင်း တည်းသာလျှင် လွယ်တိုင်းလိုင်ကို အခြေပြုပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖြစ် ရပ် တည်နေခဲ့သည်။ ခွန်ဆာ၏ MTA တပ်ဖွဲ့ပြိုကွဲ သွားပြီးနောက် ခွန်ဆာ၏ ဟီရိုအင်း (ခ) ဘိန်းဖြူချက်လုပ်သည့် နည်းပညာကိုလည်း အထက်ပါ ဌာနေပြည်သူ့စစ်အဖွဲ့များအပြင် တရုတ်လူမျိုးချုပ်ကိုင်သော (သို့) ပူးပေါင်း ပါဝင်သော ဌာနေပြည်သူ့စစ်အဖွဲ့အသီးသီးတို့ထံ ပြန့်နှံ့ရောက် ရှိသွားပါတော့သည်။ ထိုဌာနေပြည်သူ့စစ်အဖွဲ့ များသည် မူဆယ်ခရိုင်အတွင်းရှိ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်းတွင် အများဆုံး တွေ့ရသည်။

ခွန်ဆာ၏ MTA တပ်ဖွဲ့ပြိုကွဲပြီး လအနည်းငယ်အတွင်း အမ်မီဖက်သဒင်း (ခ) ယာမစိတ်ကြွဆေးပြား ကိုလည်း လူငယ်ထုအကြား အထူးသဖြင့် ထိုင်းနိုင်ငံအထက်တန်းကျောင်းသားလူငယ်ထုအကြားတွင် ရေပန်း စားလာရာမှ မူးယစ်ဆေးဝါးဈေးကွက် အသစ်တစ်ခုအဖြစ် စတင်တွင်ကျယ်လာခဲ့သည်။ ဤဆေးပြားသည် ယခင်က ထိုင်းလုပ်ငန်းရှင်များက ညဆိုင်းအလုပ်သမားတို့ မအိပ်ငိုက်နိုင်အောင် သောက်ရေထဲတွင် ထည့်ဖျော် သောဆေးအဖြစ်သာ သုံးခဲ့သည်။ ထိုမှတဆင့် ခွန်ဆာက ညအချိန်အခါ ခရီးသွားလာသော ဝန်တင်လားများကို တိုက်ကျွေးရာမှ မြင်းဆေး (ခ) ယာမဟု လူသိများလာခဲ့သည်။ နောက်ပိုင်းတွင် ကင်းစောင့်သော ရဲဘော်တို့ကို တိုက်ကျွေးလာခဲ့ကြောင်း သိရသည်။ သို့သော် ခွန်ဆာလက်ထက်မှာ စီးပွားရေးအဖြစ် မကျယ်ပြန့်သေးသော် လည်း မက်သာဖက်တမင်းဆေးပြားဖော်စပ်ထုတ်လုပ်သည့် နည်းပညာကိုမူ ခွန်ဆာ၏ MTA တပ်ဖွဲ့က ရရှိပြီးဖြစ်သည်။ ခွန်ဆာ၏ MTA တပ်ဖွဲ့ပြိုကွဲသွားပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် မယုံကြည်နိုင်လောက်အောင် ပင် ယာမစိတ်ကြွဆေးပြားကို ထိုင်းနိုင်ငံအပြင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် စသည့်ဒေသ အသီးသီးသို့ ပြန့်နှံ့ဝင်ရောက်လာခဲ့သည်။

ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ဒုတိယလိုက်ပြီး ယာမစိတ်ကြွ ဆေးပြားကို ပထမအများဆုံးထုတ်သည့် နိုင်ငံအဖြစ်ရပ်တည်နေသည်။ ထိုသို့ အများဆုံးထုတ်လုပ်သည့် နိုင်ငံ အဖြစ် ရပ်တည်ရခြင်းသည် ပြည်တွင်းစစ်ကြောင့် ယေဘုယျအားဖြင့် ပြောဆို၍ ရပါသည်။ ပြည်တွင်းစစ်ကြောင့် ရာစုနှစ်ဝက်ကျော်ကြာ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်မှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး ဒုစရိုက်ထူပြောလာ ခဲ့သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မိမိနယ်မြေမိမိ ကာကွယ်စောင့်ရှောက်ရန် အကြောင်းပြကာ ယခင် လော်စစ်ဟန်ညီအစ်ကိုနှင့် ခွန်ဆာတို့၏ ပုံစံများအတိုင်း စီးပွားရေးဖြတ်လမ်းအမြင် ရှိကြကုန်သော တရုတ်လူမျိုးတို့က စစ်အစိုးရထံချဉ်းကပ်လာကြပြီး ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ဟူ၍ ဖွဲ့စည်းလာ ကြပြီး မူးယစ်ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြသည်။

လက်ရှိ မူဆယ်ခရိုင်နှင့် လားရှိုးခရိုင်အတွင်းရှိ ဌာနေပြည်သူ့စစ်အဖွဲ့များမှာ (၁) ပန်းဆေး၊ (၂) ကောင်းခါး၊ (၃) နမ့်ခမ်းမြို့မ၊ (၄) တာမိုးညဲ၊ (၅) ကွတ်ခိုင်မြို့အထူး၊ (၆) မုံးစီ၊ (၇) မုံးကိုး-ဖောင်ဆိုင်၊ (၈) မုံးပေါ်၊ (၉) ရှက်ဟော၊ (၁၀) လုံထန့်၊ (၁၁) မန်ပန်၊ (၁၂) မိုင်းဟ၊ (၁၃) လွယ်လွမ်၊ (၁၄) တာကွမ်း၊ (၁၅) ဆိုင်ကျော့၊ (၁၆) မိုင်းဝီးတို့ တွေ့ရသည်။ မိုင်းဝီးဌာနေပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့တည်းသာလျှင် မူဆယ်မြို့တွင် ရုံးဖွင့်လှစ်နိုင်ခြင်း မရှိသည့်အပြင် မူးယစ်ဆေးဝါးလုပ်ငန်းလည်း ကင်းရှင်းကြောင်း လေ့လာတွေ့ရှိရသည်။

နမ့်ခမ်းမြို့မဌာနေပြည်သူ့စစ်အဖွဲ့ ဦးဆောင်နေသော ဦးအိုက်ဆမ် (တရုတ်လူမျိုး) သည် ပန်ဆေး ကျော်မြင့်နှင့် သဘောထား သက်ဆိုင်မှု မရှိသောအခါ ပန်းဆေးဌာနေပြည်သူ့စစ်အဖွဲ့၏ တပ်ခွဲမှူးအဖြစ်မှ နှုတ်ထွက်ကာ နမ့်ခမ်းမြို့၏ မြို့မိမြို့ဖနှင့် ညှိနှိုင်းသဘောတူခွင့်ပြုချက် တစ်စုံတစ်ရာမရယူဘဲ မြန်မာစစ်တပ်နှင့် နားလည်မှုရယူပြီး နမ့်ခမ်းမြို့မဌာနေပြည်သူ့စစ်အဖွဲ့ဟူ၍ ကိုယ်ကျိုးစီးပွားရေးအတွက် စားကျက်မြေရှာ ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။ ယခုအခါတွင် ဦးအိုက်ဆမ်သည် ပန်းဆေးဦးကျော်မြင့်နှင့်အပြိုင် မူးယစ်ဆေးဝါးလုပ်ငန်း များနှင့် လောင်းကစားရုံများ လုပ်ကိုင်လျက်ရှိနေသည်။ လွယ်လွမ်ဌာနေပြည်သူ့စစ်အဖွဲ့နှင့် တာကွမ်းဌာနေ ပြည်သူ့စစ်အဖွဲ့တို့သည် ပန်းဆေးဌာနေပြည်သူ့စစ်အဖွဲ့နှင့်ပူးပေါင်းပြီး ပန်းဆေးဌာနေပြည်သူ့စစ်အဖွဲ့၏ ကွပ် ကဲမှုအောက်တွင် ရှိကြောင်း သိရသည်။

ဌာနေပြည်စစ်အဖွဲ့တစ်ဖွဲ့လျှင် လူအင်အား (၁၀၀) မှ (၁၀၀၀) ကျော်အထိ ရှိကြသည်။ ထိုအထဲတွင် မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့က (၅၀၀) ကျော်ပြီး ကောင်းခါးဌာနေပြည်သူ့စစ်အဖွဲ့က (၁၀၀၀) ကျော် ရှိမည်ဟု ခန့်မှန်းရသည်။ လူအင်အား (၁၀၀) ကျော် (၁၀၀၀) ကျော်ရှိသည့် အဖွဲ့အစည်းတစ်ခုသည် နိုင်ငံတော်အစိုးရ က လစာငွေတစ်ပြားတစ်ချပ် မပေးသည့်အပြင် တိုင်းမှူး၊ နယ်မြေခံတပ်မမှူး၊ နယ်မြေခံဗျူဟာမှူး၊ နယ်မြေခံ တပ်ရင်းမှူးနှင့် လှုပ်ရှားတပ်ရင်းမှူးတို့အား သိန်းရာချီ ထောင်ချီပေးကမ်းနိုင်ခြင်းသည် မူးယစ်ဆေးဝါးလုပ်ငန်း မလုပ်ကိုင်လျှင် မည်သည့်နေရာကနေ ငွေရမည်နည်း။ ဘိန်းစိုက်ပျိုးခွင့်နှင့် ဒေသခံမှ စိုက်ပျိုးသော ဘိန်းအပေါ် အခွန်ကောက်ခံခွင့် ပြုထားသည်။ လက်နက်ကောင်းများလည်း ပြင်ပကနေ မိမိကြိုက်နှစ်သက်သည့် လက်နက် များကို ဝယ်ယူတပ်ဆင်ခွင့်ပြုထားသည်။ မိမိနယ်မြေထဲသို့ ရောက်လာတမျှ ရှေ့တန်းလှုပ်ရှားတပ်ရင်းများကို လိုလေသေးမရှိအောင် ကျွေးမွေးဧည့်ခံရုံမျှမက ခခူး (ဘိန်းမဲ)၊ ယာမဆေးပြားနှင့် ဘိန်းဖြူများ ပေးကမ်းတိုက် ကျွေးမှုကြောင့် ယခုအခါ မူဆယ်ခရိုင်နှင့် လာရှိုးခရိုင်အတွင်းတွင် တာဝန်ကျသော မြန်မာစစ်တပ်များက အများ အားဖြင့် မူးယစ်ဆေးဝါး စွဲကပ်ကုန်ကြသည်။ မူယစ်းဆေးဝါးလုပ်ငန်းမှ ရရှိလာသော ငွေမဲများကို ငွေဖြူဖြစ်ရန် ကုမ္ပဏီထူထောင်ပြီး ပြည်ထောင်စုဘတ်ဂျက်နှင့် ပြည်နယ်ဘတ်ဂျက်များကို တင်ဒါအောင်နိုင်ရန် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး တင်ဒါစည်းမျဉ်းထဲမှ လက်တစ်လုံးခြားလုပ်ပေးမှုတို့ကြောင့် နိုင်ငံတော်ဘတ်ဂျက်ကို များစွာထိခိုက်ဆုံးရှုံးစေသည်။ တင်ဒါအောင်သော လုပ်ငန်းများကို ကောင်းမွန်စွာ မဆောင်ရွက်ပေးဘဲ ၎င်းတို့၏ ငွေကြေးခဝါချမှုကိုသာ အာရုဏ်စိုက်နေကြသည်။

                                                                                                    ——-မူးယစ်ရာဇာခေါင်းဆောင်နှင့် မြန်မာဗိုလ်ချုပ်ကြီးတို့ ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြစဉ်

 

ဌာနေပြည်သူ့စစ်အဖွဲ့၏ အဓိကရည်ရွယ်ချက်များသည် လက်နက်ကိုင်ပြီး မြန်မာစစ်တပ်၏ အကာအ ကွယ်အောက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် လောင်းကစားဝိုင်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေး ဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့်လည်း ၎င်းဌာနေပြည်သူ့စစ်အဖွဲ့များကို ရန်သူသတင်းပေးသူနှင့် ငွေရှာပေး သူအဖြစ် သဘောထားကြသည်။

ဌာနေပြည်သူ့စစ်အဖွဲ့တို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းတစ်ခုနှင့် တင်းတိမ်ရောင့်ရဲမနေ ဘဲ လောင်းကစားဝိုင်းနှင့် လောင်းကစားရုံကို နယ်စပ်မြို့များတွင် အပြိုင်အဆိုင်ဖွင့်လှစ်လာခဲ့ပြန်သည်။ မူဆယ် မြို့၊ တာချီလိတ်မြို့နှင့် မြဝတီမြို့တို့တွင် အများဆုံးတွေ့ရသည်။

မူဆယ်မြို့အတွင်းတွင် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့လျှင် လောင်းကစားရုံကို နှစ်ခုထက်မက ရှိကြသည်။ ထိုလောင်းကစားရုံမှ တဆင့် မူးယစ်ဆေးဝါးများကို ဖြန့်ချိပေးလျက်ရှိသည်။ လာရောက်ကစားသည့် ပုဂ္ဂိုလ်များထံကို ရသည့်နည်း ဖြင့် ငွေညစ်ကြသည်။ ကစား၍ မြတ်လျှင် ထွက်ခွင့်မပြုပါ။ ထွက်သွားရန် ကြိုးစားပါက သတ်ပစ်ပြီး အစဖျောက် ပစ်သည်။ အကယ်၍ ရှုံးလျှင် အကြွေးဖြင့် ကစားစေပြီး အကြွေးများလာပါက အကြွေးဆပ်ရန် ချုပ်နှောင်ထားပြီး မိဘဆွေမျိုးထံ ဖုန်းဆက်၍ အကြွေးကို လာရောက်ဆပ်စေသည်။ အကြွေးလာမဆပ်ပါက သတ်ပစ်သည်။ ထိုသို့ အသတ်ခံရသူထဲမှာ တရုတ်နိုင်ငံသားက အများဆုံးပါဝင်ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်နိုင်ရန် လောင်းကစားရုံများကို အထူးအစီအမံဖြင့် ပြုလုပ်ထားသည်။ လောင်းကစားရုံထဲရှိ လောင်းကစားဝိုင်းထဲရောက်ရန် အစောင့်အထပ်ထပ် ချထားသည့်အပြင် ဝင်္ကပါကဲ့သို့ လမ်းကြောင်းဖြင့် စီမံ ပြုလုပ်ထားသည်။ ထိုအထဲမှာမှ လက်ကြီးကစားသမားနှင့် အပျော်တမ်းကစားသမားဆိုပြီး ခွဲခြားထားသေး သည်။ သင်ကစားနေချိန် (သို့) ပင်ပန်း၍ အနားယူနေချိန်တွင် လိုလေသေးမရှိအောင် ပြုစုပေးသည်။ အစား အသောက်ကို ကြိုက်ရာ မှာယူစားသုံးနိုင်သည်။ မည်သည့်မူးယစ်ဆေးဝါးမျိုးကိုမဆို ကြိုက်သလောက် သုံး ဆောင်နိုင်သည်။ ညောင်းညာပါက အနှိပ်သည်လည်း အဆင်သင့်လုပ်ထားပေးသည်။ သို့သော် သင်ငွေ မကုန် မချင်း လောင်းကစားရုံထဲမှ ထွက်ခွာခွင့် ပြုမည်မဟုတ်ပါ။

မူဆယ်မြို့အတွင်းရှိ အားလုံးသော လောင်းကစားရုံထဲမှာ အထူးခြားဆုံး လောင်းကစားရုံ နှစ်နေရာ တွေ့ရသည်။ ပထမနေရာက နမ့်ပေါ်တံတားအနီး နမ့်ပေါ်ချောင်း၏ မြစ်ကွေ့အတွင်းရှိ လောင်းကစားရုံနှင့် ဒုတိယနေရာက မကြာမီဖွင့်လှစ်ထားသည့် ရွှေလီမြစ်အနောက်ဖက်ကမ်းရှိ တရုတ်နယ်စပ်နှင့် ကပ်လျက် နောင်ယန်းကူးတို့ဆိပ်နှင့် တွဲဖက်ဖွင့်လှစ်ထားသော လောင်းကစားရုံတို့ တွေ့ရသည်။ ပထမနေရာက ပန်းဆေး ဌာနေပြည်သူ့စစ်အဖွဲ့၊ ကောင်းခါးဌာနေပြည်သူ့စစ်အဖွဲ့နှင့် မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့တို့ ခွဲဝေနေရာယူထား ကြသည်။ ယမန်နှစ်က အချင်းချင်းအဝေမတည့်၍ ပန်းဆေးနှင့် ကောင်းခါးကြား လူသေသည်အထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

နမ့်ပေါ်မြစ်ကွေ့အတွင်းရှိ လောင်းကစားရုံ၏ အပြင်စည်းလုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူ ပေးထားသည်။ သာမန်ကာလျှံကာအားဖြင့် ကြည့်လျှင်မြင်နိုင်မည်မဟုတ်ပါ။ အမှန်ဆိုလျှင် နမ့်ပေါ်တံတားကို လုံခြုံရေးပေးရန်မလိုဘဲနှင့် ဘာကြောင့် ပေးနေရသနည်း။ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ကြားမှာ သံကူကွန်ကရစ် တံတားသုံးစင်းရှိသည်။ ကျန်နှစ်စင်းကို ဘာကြောင့် လုံခြုံရေးမပေးသနည်း။ အဖြေက တံတားကို လုံခြုံရေးပေး သည့်ပုံစံဖြင့် ကားကြီးကားငယ်ထံကို ငွေတောင်းပြီး တစ်ဖက်တွင် ဌာနေပြည်သူ့စစ်အဖွဲ့များထံ အခကြေးငွေ ယူပြီး ထိုလောင်းကစားရုံတို့အတွက်  လုံခြုံရေးပေးနေခြင်းသာဖြစ်သည်။

နောင်ယန်းကူးတို့ဆိပ်နှင့် နောင်ယန်းလောင်းကစားရုံတို့ကို ဦးအိုက်ဆမ်ဦးဆောင်သည့် နမ့်ခမ်းမြို့မ ဌာနေပြည်သူ့စစ်အဖွဲ့ပိုင် ဖြစ်သည်။ ဤလောင်းကစားရုံသည် ရွှေလီမြစ်နှင့် နယ်စပ်တို့ကို အကာအကွယ်ယူ၍ တရုတ်ပြည်က လူမိုက် (ကိုင်ဖိ) ငှားရမ်းထားကာ ဒုစရိုက်မျိုးစုံကို မားဖီးယားဂိုဏ်းဆန်ဆန် လုပ်ကိုင်လျက် ရှိကြောင်း လေ့လာတွေ့ရှိရသည်။

ဤလောင်းကစားရုံများကြောင့် ထိုဒေသရှိ နယ်ခံများအပါအဝင် အဝေးမှလာကြသော စီးပွားရှာလူထု များပါ လူကြီး၊ လူငယ်၊ လူမျိုး၊ ကျားမ မရွေး ပျက်စီးချင်းတိုင်း ပျက်စီးနေကြသည်။ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှု၊ လိမ်လည်မှုနှင့် လူသတ်မှုတို့ကို မကြာခဏ တွေ့မြင်နေရသည်။ အဆိုးဆုံးထဲက ကစားဝိုင်းအတွင်းမှ ငွေညစ် ပြီး လူမသိသူမသိ သတ်ဖြတ်ပြီး အစဖျောက်ပစ်ခံရသူများက မည်၍မည်မျှရှိမည်ကို မည်သူက မပြောနိုင်ချေ။ ရန်ကုန်မြို့ပေါ်တွင် ငါးလောင်းပြိုင်လူသတ်မှု လေးလောင်းပြိုင်လူသတ်မှု မဖော်နိုင်သကဲ့သို့ မူဆယ်မြို့ပေါ် မှာလည်း မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကို အားကိုးပြီး ဌာနေပြည်သူ့စစ်အဖွဲ့တို့၏ အလောင်းပေါင်းမြောက်မြားစွာကို အမှုများ မပေါ်ပေါက်စေဘဲ ဥပဒေမဲ့သတ်ဖြတ်မှုသည် ကြောက်ခမန်းလိလိ တွေ့မြင်နေရသည်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်း တို့ကို နိုင်ငံရေးဦးတည်ချက်တစ်ရပ် အဖြစ်ထားရှိကာ အစဉ်တစိုက် တိုက်ဖျက်လာခဲ့သည်မှာ (၆) နှစ်ကျော် (၇) နှစ်ထဲ ဝင်လာပြီးဖြစ်သည်။ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေထဲတွင် မြန်မာစစ် တပ် စစ်စခန်းအနီးပတ်ဝန်းကျင်တွင်သာ ကျန်ရှိနေပြီး အားလုံးနီးပါး ပပျောက်လျက်ရှိနေပါပြီ။ ဤအချင်းအရာ ကို သိရှိနားလည်သော တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့လောင်းကစားရုံများ ပိတ်သိမ်းပစ်ရန် အကြိမ်ကြိမ်စာပို့၍ သတိပေးထားသော်လည်း မနာခံသဖြင့် လောင်းကစားရုံအချို့ကို ၂၀၁၈ ခုနှစ်၊ မေလ (၅) ရက်နေ့၊ နံနက် (၅း၀၀) နာရီမှ (၇း၀၀) နာရီအထိ ပြင်းထန်စွာ သတိပေးသည့်အနေဖြင့် ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သတင်း၌ ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် မကာအိုနှင့် ဟောင်ကောင်မှလွဲ၍ ကျန်ပြည်မကြီးတစ်ခုလုံးတွင် ကာစီနိုနှင့် မည် သည့် လောင်းကစားမျိုးမဆို ဥပဒေဖြင့် တင်းကျပ်စွာ ပိတ်ပင်တားမြစ်ခဲ့သည်မှာ (၁၀) နှစ်ကျော်ကြာခဲ့ပြီ ဖြစ် သည်။ ထို့ကြောင့် တရုတ်ပြည်မှ လောင်းကစားဝါသနာအိုးများက နယ်စပ်အနီးတစ်လျှောက်ရှိ မြန်မာပြည်မှ လောင်းကစားရုံသို့ လာရောက်ကစားကြသည်။ ဝင်ရောက်လာတမျှ တရုတ်နိုင်ငံသားများသည် အထက်ပါ ပြဿနာမျိုးကို မကြာခဏ ကြုံတွေ့နေရသောကြောင့် ထိုလောင်းကစားရုံများကို ပိတ်ပစ်ပေးရန် တရုတ်နိုင်ငံ၊ ဒေသအာဏာပိုင် (ရွှေလီခရိုင်) များက မြန်မာနိုင်ငံ၊ မူဆယ်ခရိုင် ဒေသအာဏာပိုင်အဖွဲ့အစည်း (စစ်တပ်နှင့် ထွေအုပ်) ထံသို့ အကြိမ်ကြိမ်မေတ္တာရပ်ခံထားသော်လည်း မြန်မာအာဏာပိုင်များက မသိကျိုးကျွန် ပြုထား ခဲ့ကြောင်း ကြားသိရသည်။

————————————————-TNLA တပ်ဖွဲ့ဝင်ရောက်ရှင်းလင်းခဲ့သည့် လောင်ကစားရုံများ တည်နေရာပြမြေပုံ

သမ္မတဦးဝင်းမြင့်၏ မိန့်ခွန်းထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ရ မည်ဟု ဖော်ပြထားပါသည်။ ထို့အတူ မူးယစ်ဆေးဝါးလုပ်ငန်းနှင့်ဆက်နွယ်သော လောင်းကစားဝိုင်းနှင့် လောင်း ကစားရုံများကိုလည်း တပါးတည်းတိုက်ဖျက်ရမည်ဟု နားလည်ရသည်။ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ပြီး လပိုင်းအတွင်းတွင် သမ္မတဦးဝင်းမြင့်၏ အဂတိတိုက်ဖျက်ရေးမှာ အားတက်ဖွယ်တွေ့လာရသည်။ နိုင်ငံ၏ မည် သည့်ဒေသမဆို အဂတိတိုက်ဖျက်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်ပေးနေသကဲ့သို့ ရှမ်းပြည်နယ်မြောက် ပိုင်း အထူးသဖြင့် မူဆယ်ခရိုင်အတွင်းရှိ မူးယစ်ဆေးဝါးလုပ်ငန်များနှင့် လောင်းကစားရုံများကိုလည်း လုံးဝ ပပျောက်အောင် တိုက်ဖျက်ပေးပါရန် ဤဆောင်းပါးဖြင့် တောင်းဆိုအပ်ပါသည်။

မူဆယ်မြို့ကိုလည်း နယ်စပ်မြို့ဖြစ်သည့်အားလျော်စွာ တစ်ဖက်နိုင်ငံရှိ ရွှေလီမြို့တော်လောက် အဆင့် မဟုတ်သည့်တိုင် မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်သော မြို့ဖြစ်စေရန်နှင့် နိုင်လွန်ကတ္တရာလမ်းမဟုတ်သည့်တိုင် နွေရာသီတွင် ဖုန်ထူထပ်ပြီး မိုးရာသီတွင် ရွှံ့ဗွက်များပြည့်လျှံခြင်းမျိုး မဖြစ်စေရန် မှလွဲ၍ မြန်မာပြည်သားတို့သည် တင်းတိမ်ရောင့်ရဲတတ်ကြ၍ ကျေနပ်မည်ဖြစ်သည်။ ယခုအခါတွင် မူဆယ်မြို့သည် ရွှေလီမြို့နှင့် နှိုင်းယှဉ်ပါက ဇနပုဒ်ကဲ့သို့ မိုးနှင့် မြေကွာခြားလွန်းလှပါသည်။ မူဆယ်မြို့သည် ရှုပ်ထွေးပွေလီပြီး ဒုစရိုက်ပေါင်းစုံ ကျင်လည်ကျက်စားရာ ဒေသလိုဖြစ်နေပါသည်။

ကျောက်စိမ်းသည် မြန်မာနိုင်ငံမှ ထွက်ရှိသော်လည်း ကျောက်ဈေးကွက်က မူဆယ်မြို့တွင် အရောင်း အဝယ်မဖြစ်ဘဲ ရွှေလီမြို့နှင့် ဂျေဂေါင်မြို့တွင် အကြီးအကျယ်အရောင်းအဝယ် ဖြစ်နေသည့်ကိစ္စကို အဖြေရှာရန် လိုအပ်လှပါသည်။ အကယ်၍ မူဆယ်မြို့တွင် ကျောက်ဈေးကွက်ရှိလျှင် မိမိနိုင်ငံအတွက် အကောက်အခွန် ရရှိမည့်အပြင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အခြားခြားသော စီးပွားရေးလုပ်ငန်းများကို ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ သို့သော် ယနေ့အချိန်အခါမှာ မိမိနိုင်ငံ ဖားကန့်ဒေသထွက် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို မူဆယ်မြို့ထဲတွင် ရှာဖွေဝယ်၍ ရနိုင်မည်မဟုတ်သော်လည်း ယာမစိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများကို ဝယ်ယူလိုပါက မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ တွဲကားကြီးများဖြင့် စင်းလုံးပြည့် ဝယ်ယူတင်ပို့နိုင်သည့် အခြေအနေတွင် တွေ့မြင်နေရ၍ ဝမ်းနည်းစွာ ရေးသားတင်ပြလိုက်ရပါသည်။

မူဆယ်သား (၁၉. ၅. ၂၀၁၈)