ရွေးကောက်ပွဲနဲ့ မှားနေတဲ့နိုင်ငံရေးဗျူဟာ


…………………………………………………….
၂၀၂၀ ရွေးကောက်ပွဲကို လာမဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါပြီ။

ပြည်သူတွေ ဘယ်သူ့ကိုမဲပေးကြမလဲ။
ဘယ်ပါတီ မဲအများဆုံးရပြီး အစိုးရဖွဲ့ နိုင်မလဲ။
အစိုးရ ဖွဲ့နိုင်ရင် ဘာပြောင်းလဲမှုတွေ ဖော်ဆောင်လာနိုင်မလဲ။

၂၀၂၀ ရွေးကောက်ပွဲကနေထွက်လာမဲ့ အစိုးရသစ်လက်ထက်မှာ-
ဖြစ်နေတဲ့ပြည်တွင်းစစ်တိုက်ပွဲတွေ ရပ်တန့်နိုင်မလား။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ။

စီးပွားရေးတိုးတက်လာပြီး အခြေခံလူတန်းစားတွေ ဘဝတိုးတက်လာနိုင်မလား။

တရားဥပဒေစိုးမိုးရေး အားကောင်းလာပြီး အကျင့်ပျက်ချစားမှုတွေ ထိထိရောက်ရောက် ကိုင်တွယ်လာနိုင်မလား။

အာဏာတွေကိုတဖက်သတ်ရယူထိန်းချုပ် အခွင့်ထူးခံလူတန်းစားကို အကာအကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အများပြည်သူဆန္ဒအတိုင်း ပြင်ဆင်ပြောင်းလဲနိုင်မလား။

စသဖြင့် စသဖြင့် မေးခွန်းတွေ မေးစရာပါ။
အဲ့ဒီမေးခွန်း မျှော်လင့်ချက်တွေနဲ့အတူ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ကျော်ဖြတ်ခဲ့ပြီးပါပြီ။

လူထုပါတီလို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လည်း မဲနိုင်ပြီး အစိုးရ စိတ်တိုင်းကျဖွဲ့ခဲ့ပြီးပါပြီ။

အားလုံး မျှော်လင့်တဲ့ နိုင်ငံရေးအပြောင်းအလဲ ဘယ်လောက်ထိ ဦးဆောင်လုပ်နိုင်ခဲ့သလဲ။ ပြည်သူတွေဆန္ဒအတိုင်း အပြောင်းလဲကို မဦးဆောင်နိုင်တာ ဘာကြောင့်လဲ။

အဓိက အတားအဆီးကဘာလဲ။

အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ
…………………………………………………….
မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ရပ် အတိုင်းဆိုရင် ဘယ်လိုအနိုင်ရပါတီတွေရဲ့ အစိုးရ ကမှ အမှန်တကယ်အပစ်ရပ်ပြီး အောင်မြင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာအောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါ။

မြန်မာ့တပ်မတော်ရဲ့ သဘောထားနဲ့ တိုင်းရင်းသား EAOsတွေရဲ့ရပ်တည်ချက်အကြား နီးစပ်ပြေလည်လာအောင် ညှိနှိုင်းစေ့စပ်ပေးနိုင်မဲ့ သြဇာအာဏာမျိုး ဘယ်နိုင်ငံရေးပါတီ မရှိနိုင်သေးပါ။

အစိုးရ မဖြစ်ခင်မှာ EAOs တွေကို တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA အလျင်စလို လက်မှတ်မရေးထိုးဖို့ပြောပြီး အစိုးရဖြစ်လာတော့ NCA ထီးရိပ်အောက်ဝင်ဖို့၊ ၂၁ ရာစုပင်လုံကိုတက်လာဖို့ပဲ တသွင်သွင်ပြောတတ်ပြီး တကယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘာမှမယ်မယ်ရရမရှိတဲ့ NLD မြန်မာအစိုးရဟာ စစ်ပွဲရပ်တန့်ရေးအဖြေ မရှာနိုင်ပါ။ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အကာအကွယ်ပေးတဲ့အပြင် တိုင်းရင်းသားလူမျိုးတွေသတ်ဖြတ်နေတာကိုလည်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတယ် ဆိုပြီး စစ်တပ်နဲ့ပြန်လည်သင့်မြတ်ရေးတွေပဲ ဆက်တိုက်လုပ်နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရလာတဲ့ ငါးနှစ်တာကာလအတွင်း ပြည်တွင်းစစ်ပွဲရပ်တန့်ရေးအတွက် တကယ်လက်တွေ့ကျတဲ့ အလုပ်တွေ မလုပ်နိုင်ခဲ့ပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့အကျိုးစီးပွားကိုထိခိုက်လာရင် ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကိုတကယ်ပြင်ဖို့ တာဆူလာယင်တော့ မြန်မာစစ်တပ်က လုပ်နေကျအတိုင်း ပြည်နယ်တွေမှာ တိုက်ပွဲဖော်မှာဖြစ်တယ်။ ပြည်တွင်း ဆူပူမှုတခုခု ဖန်တီးမှာပါ။

ပြည်တွင်းစစ်ရပ်စဲရေး အဓိကခလုတ်က မြန်မာစစ်ခေါင်းဆောင် မှာတည်ရှိနေပါတယ်။

စစ်ဘေးဒါဏ်ကြာရှည်သင့်ပြီး အဖက်ဖက် ကန့်သတ်မှုများလာတဲ့ EAOs တွေလည်း အချင်းချင်းညီညွတ်မှု မတည်ဆောက်နိုင်သေးပဲ ရေစုန်မျောလိုက်ပါတဲ့ ဗျူဟာနဲ့ တဝဲလည်လည်ဖြစ်နေဆဲပါ။

မိမိရပ်တည်ချက်တွေကို အမျိုးမျိုး လျော့ချပြောင်းလဲပြီး မြန်မာစစ်တပ်နဲ့ ပြေလည်မှုရရှိအောင်ကြိုးပမ်းပေမဲ့ မြန်မာစစ်တပ်က သူ့အကျိုးစီးပွားရပ်တည်ချက် ပြင်းလွန်းနေတာကြောင့် ဆယ်စုနှစ်တခုကြာ လုပ်ခဲ့တဲ့ဆွေးနွေးပွဲဟာ ရပ်တန့်နေပါပြီ။

ဆွေးနွေးပွဲမဆက်နိုင်ခြင်းရဲ့ နောက်ဆက်တွဲကတိုက်ပွဲပြင်းထန်ခြင်းပါ။ စစ်ပွဲဖြစ်ရာ တိုင်းရင်းသားဒေသမှာ ပြည်သူတွေ စစ်ဘေးဒဏ်အမျိုးမျိုး ထပ်သင့်ရပါအုံးမယ်။

မြန်မာ့တပ်မတော်က တိုင်းရင်းသားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ထပ်ထပ်ကျူးလွန် မှာကတော့ တိုက်ပွဲရဲ့ အကျိုးဆက်ပါပဲ။

စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ အကျင့်ပျက်ချစားမှု
…………………………………………………….
နိုင်ငံက အကြွေး (၁၁) ဘီလီယံကျော်နေတဲ့အချိန်မှာ စစ်ဗိုလ်ချုပ်တွေ (၅၀) ကျော်က ဘီလီယံနာဖြစ်ပြီး ပြည်ပနိုင်ငံ အသီးသီးမှာ ငွေတွေနည်းလမ်းအမျိုးမျိုး လွှဲပြောင်းစုဆောင်းထားကြတယ်။

ရိုးသားတယ်ဆိုတဲ့ လယ်တောကြီးသမ္မတ ဦးသိန်းစိန် တောင် သမတကအနားယူပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယံနာပုဂ္ဂိုလ်ဖြစ်တယ်လို့ ဒီ ၂၀၂၀ မှာ Forbes မဂ္ဂဇင်းက ထုတ်ဖော်ပြောလာပါတယ်။

နိုင်ငံ့သယံဇာတဘတ်ဂျတ်တွေအားလုံးကို
ထင်သလိုချယ်လှယ်ရယူထားပြီး သူတို့ရေးဆွဲတဲ့ဥပဒေအောက်ကနေ စီးပွားရေး လွတ်လပ်စွာယှဉ်ပြိုင်လုပ်ဆောင်နိုင်ပါတယ်လို့ ဘယ်လိုပြောပြော စစ်အသိုင်းအဝန်းနဲ့ကင်းရင် လက်တွေ့စီးပွားရေး တကယ်မလုပ်နိုင်ပါ။

နိုင်ငံရဲ့ ဘဏ္ဍာဘတ်ဂျတ်နဲ့ စီးပွားရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာစစ်ခေါင်းဆောင်တွေလက်ထဲမှာပါ။

မြန်မာနိုင်ငံရဲ့ ရှိသမျှမြို့နယ်အသီးသီးမှာ တပ်ကသိမ်းယူထားတဲ့ မြေ ပမာဏအမြောက်များတွေ့ရမှာပါ။ အခြေခံလူထုတွေ လုပ်ကိုင်စားသောက်နေတဲ့မြေတွေကို ပုံစံအမျိုးမျိုးနဲ့ သိမ်းယူတာကြောင့် ဒေသခံတောင်သူတွေ ပြသနာအမျိုးမျိုးရင်ဆိုင်နေရပါတယ်။

တရားဥပဒေစိုးမိုးရေးလည်း စစ်တပ်ကဖျက်ဆီးထားတဲ့ ပြည်ထဲရေးဌာနဟာ ပြစ်မှုထင်ရှားတဲ့ ဗစ်တိုးရီးယား လို သက်ငယ်မုဒိန်းမှုကို တရားမျှတမှု မဖော်ဆောင်ဝံ့သေးပါ။ ရဲမှူးချုပ် ကိုယ်တိုင် ကာမ ရယူ လာဘ်စားမှု ထင်ရှားပါလျက်နဲ့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ပါ။

အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးအတွက် အစိုးရတာဝန်ရှိသူတခိျု့ကို အရေးယူမှု တွေလုပ်ပေမဲ့ တကယ်အကြီးစား ချစားမှုတွေကို မထိရဲသေးပါ။

အစိုးရ ကိုယ်တိုင်က မြေကွက်တွေ၊ ကားတွေ သတ်မှတ်ဈေးနဲ့ ချပေးနေတာဟာ လာဘ်စားမှု နည်းလမ်းတခုပါ။

တရားဥပဒေစိုးမိုးရေး အားနဲပြီး ဝန်ထမ်းတွေ အကျင့်ပျက်ချစားနေရင် နိုင်ငံတကာက အကြီးစားရင်းနှီးမြုပ်နှံမှု ဘယ်လာဝံ့ပါမလဲ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
…………………………………………………….
အဖွဲ့ချုပ်က ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင် ပြောခဲ့တဲ့ ပြင်-ဝင် ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြီးမှ ရွေးကောက်ပွဲ ဝင် သင့်တဲ့ဗျူဟာ မှန်နေတယ်ဆိုတာ ပိုထင်ရှားလာပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ -၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး- ဆိုတဲ့ ကတိကဝတ်ကို NLD မဖော်ဆောင်နိုင်ခဲ့ပါ။ ဖော်ဆောင်ရန်ကြိုးပမ်းမှုလည်း အားနဲနေတာတွေ့ရပါတယ်။

ရွေးကောက်ပွဲနီးမှ ကြိုးစားကြည့်တဲ့သဘော လွှတ်တော်မှာလုပ်ကြည့်လိုက်တာ အားလုံးကြိုသိထားတဲ့အတိုင်း မအောင်မြင်တဲ့အပြင် မဲခွဲဆုံးဖြတ်တဲ့ကိန်းဂဏန်းတွေ တွက်ချက်ကြည့်လိုက်တော့ မပြင်ချင်သူတွေစာရင်းမှာ NLD အမတ်တခိျု့လည်းပါနေတာတွေ့လိုက်ရတာပါပဲ။

နိုင်ငံရေးသုတေသီတခိျု့ ထောက်ပြသလို အစိုးရ ဖြစ်သွားသူများဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကြိုက်နှစ်သက်သွားကြတာ လက်ရှိအခြေအနေက သက်သေပြနေပါတယ်။

ဒီတော့ လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာ နောင်နှစ်ပေါင်း (၅၀) ထိတောင် ပြင်ဆင်နိုင်ဖို့ရန်စိတ်ကူးဖို့ခက်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အစစအရာရာကို စစ်ခေါင်းဆောင်တစုက အခွင့်ထူးခံယူ ထိန်းချုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အောက်မှာ ဒီတိုင်းပြည် ဘယ်လိုတိုးတက်နိုင်ပါ့မလဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ ဘာလုပ်မလဲ
…………………………………………………….
ဒီမိုကရေစီစနစ် အရ ရွေးကောက်ပွဲဟာ တကယ်အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်ရဲ့ ရွေးကောက်ပွဲတွေကတော့ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွား ရေရှည်ဆက်တည်တံ့စေယုံမှတပါး အခြားအရာတွေ လူထုအားလုံးအတွက် ပြောင်းလဲမှုနဲလွန်းပါတယ် ဆိုတာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေက သာဓကသက်သေပါ။

ခု ၂၀၂၀ ရွေးကောက်ပွဲလည်း ဒီအတိုင်းပဲဖြစ်လာမှာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ အားလုံးဟာ ကိုယ့်ပကတိရပ်တည်ချက်တွေ ဖယ်ခွါချပစ်လိုက်ရပြီး စစ်ခေါင်းဆောင်တွေ ချပေးတဲ့လမ်းကြောင်းအတိုင်း လုပ်ရတာမဟုတ်လား။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ဝင်ရောက်လိုက်တာကြောင့် –
တိုင်းပြည်တခုလုံးညီညွတ်ပြီး တကယ့်ပြည်ထောင်စုနိုင်ငံ ကို ဦးဆောင်ပြောင်းလဲဖွဲ့စည်းနိုင်မဲ့ ဒေါ်အောင်ဆန်းစုကြည် လိုခေါင်းဆောင် ကိုလက်လွတ်ဆုံးရှူံးလိုက်ရတယ်။

တိုင်းရင်းသားလူနဲစုတွေနဲ့ မြန်မာ-ဗမာ ခေါင်းဆောင်တွေအကြား ပေါင်းစပ်ဖို့ခက်ခဲတဲ့မတူညီမှု အက်ကြောင်းပိုကြီးကျယ် နက်ရှိုင်းလာတယ်။

နိုင်ငံရဲ့ဘဏ္ဍာတွေကိုနည်းအမျိုးမျိုးနဲ့ ရယူကြီးပွားနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ တရားဝင်တည်ရှိမှု သက်တမ်းပိုခိုင်ခန့်လာတယ်။ နောက်ထပ် ဆယ်စုနှစ်တခုသာ ထက်ဖြတ်သန်းနိုင်မယ်ဆိုရင်ဖြင့် ဒီစစ်ခေါင်းဆောင်အပေါင်းပါတွေရဲ့ ကွယ်ဝမှုအရင်းခံအကြောင်းကို အားလုံးမေ့ပျောက်ပြီး တရားဝင်ရေပေါ်ဆီလူတန်းစားတွေ အပြည့်အဝကောင်းစားကြပါတော့မယ်။

စစ်ခေါင်းဆောင်တွေရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်က ဖြစ်ပေါ်လာမဲ့ ရွေးကောက်ပွဲတိုင်းဟာ စစ်ခေါင်းဆောင် တွေတရားဝင် အာဏာရှိရေးကို တိုက်ရိုက်ဖြစ်စေတဲ့ဆောင်ရွက်ချက်သာ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုက်ဖျက်ရေးကိုသာ ညီညီညွတ်ညွတ် ဆောင်ရွက်သင့်တယ်လို့ ရှုမြင်သုံးသပ်လိုက်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ
ပါတီထောင်…
ရွေးကောက်ပွဲဝင်…
လွှတ်တော်ထဲဝင်….စတဲ့ မြန်မာစစ်ခေါင်းဆောင် တွေ အာဏာသက်ဆိုးရှည်စေမဲ့ နိုင်ငံရေးဗျူဟာ အမှားကို ဆက်ကစားနေမယ် ဆိုရင်ဖြင့် ……….
ပြည်သူလူထုတွေ မျက်ရည်ပင်လယ်တောမှာ ဆက်၍သာ ငိုကြွေးနေရပါအုံးမယ်လို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။

ဘုန်းကျော် (လက်ဖက်မြေ)
၆/၇/၂၀၂၀