ဘာအကွက်ထပ်ရွှေ့မလဲ… မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ…


စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကို သြဂုတ်လမကုန်ခင် ကျင်းပမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဦးဇော်ဌေး က သြဂုတ်လ (၁) ရက်နေ့မှာပြောပါတယ်။
ငြိမ်းချမ်းရေးတွက် သဘောတူညီချက် ၁၃ ချက်ရရှိထားတယ်လို့ NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က ပြောသလို ညှိနှိုင်းအစည်းအဝေးတက်တဲ့ NCA လက်မှတ်ထိုး ပအိုဝ်းအဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်း ကတော့ ဒီတကြိမ် ကျင်းပမဲ့ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်မဲ့ အခြေခံမူတွေ ကို ချမှတ်နိုင်ဖို့မျှော်လင့်တယ်လို့ ငြိမ်းချမ်းရေးညီလာခံအတွက် ရှေ့ပြေးလော်ဘီလုပ်ထားပါတယ်။
ပြီးခဲ့တဲ့အကြိမ်တုန်းကလေ့လာသူအဖြစ်တက်ရောက်ခဲ့တဲ့ KNPP အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့် က – ဒီပုံစံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စုညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ဖြစ်လာမှာမဟုတ်ဘူးလို့ – သူ့အမြင်ကို ဒဲ့ပြောလိုက်တာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ (၅) နှစ်တာသက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း မယ်မယ်ရရအလုပ်ပြဖို့က ဘာမှမရေရာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပတာ ဖြစ်ပါတယ်။ သုံးကြိမ်ကျင်းပနိုင်ခဲ့တာ သဘောတူညီချက် (၃၇+၁၄=၅၁) ချက် ရရှိထားပြီး ၂၀၁၉ ခုနှစ် တနှစ်လုံး အဲဒီညီလာခံကို ဆက်ကျင်းပဖို့လုပ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ပါ။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အစိုးရသက်တမ်းလက်ကျန်ကာလအတွင်း စတုတ္ထအကြိမ် ထပ်ကျင်းပနိုင်ဖို့ ပြင်ဆင်တာဖြစ်ပါတယ်။
NLD အစိုးရသက်တမ်းလက်ကျန်ကာလအတွင်း ထပ်လုပ်မဲ့ ဒီ ၂၁ ရာစုပင်လုံညီလာခံဟာ အရင်ကထက် ထူးပြီး ဘာတွေလုပ်နိုင်မလဲ။ ဘာရလာဒ်ထွက်လာနိုင်မလဲ။
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ဘာထပ်ဦးဆောင်နိုင်မလဲ။
တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကကော ငြိမ်းချမ်းရေးအတွက် NLD အစိုးရကို ဘယ်လောက်လုပ်ခွင့်ပြုမလဲ။ အလျော့အတင်းမရှိတဲ့ မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ရပ် နဲ့ ဘယ်လိုမှ ရှေ့မတိုးနိုင်တာ ဘယ်သူကဘယ်လိုဖောက်ထွက်နိုင်မလဲ။
၂၁ ရာစု ပင်လုံညီလာခံကျင်းပတိုင်း တိုင်းရင်းသားဒေသဖက် မြန်မာစစ်တပ်တွေ အရင်ကထက် ထိုးစစ်လှုပ်ရှားမှုတွေပိုလုပ်လို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာ သုံးကြိမ်စလုံး ပုံမှန်ပါ။ နေပြည်တော် မှာလုပ်တဲ့ ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသားဒေသတွေမှာ လက်နက်ကြီးပေါင်းစုံနဲ့ တိုင်းရင်းသားနိုင်ငံသား တွေကို စုပုံထုရင်း မြန်မာစစ်တပ်က ကြိုဆိုခဲ့ပါတယ်။
ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံရဲ့ ငြိမ်းချမ်းရေးမြည်သံဟာ မြန်မာစစ်တပ်ရဲ့ရန်လိုတဲ့ လက်နက်ကြီးသံတွေနဲ့ သာ ဆူညံနေခဲ့တာဖြစ်ပါတယ်။
အခုလည်း ရခိုင်ပြည်ဖက်မှာ နေ့တိုင်းတိုက်ပွဲပြင်းထန်နေတဲ့ကြားက စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပမယ့်အသံပေးလိုက်တာနဲ့ မန္တလေး-ကျောက်မဲ-သီပေါ-လားရှိုး-ကွတ်ခိုင်-မူဆယ် အာရှလမ်းမကြီးပေါ် မြန်မာစစ်တပ်ရဲ့ စစ်ကားတွေ အုပ်စုလိုက်နေရာဖြန့်ကျက်ပြီး ရာဂဏာန်းကျော်တက်လာတာတွေ့ရတယ်။
၃ ရက်သြဂုတ်လမှာ မူဆယ်-နမ့်ခမ်းကြား တရုတ်နယ်စပ်မှာပုန်းခိုနေတဲ့ RCSS ကို လက်နက်ကြီးတွေနဲ့ထုပြီး စစ်သံပေးပါတယ်။
သီပေါ-နမ္မတူ-လားရှိုး ကြား တအာင်းတပ်မတော်ရဲ့ တပ်မဟာ(၄) ဒေသမှာ မိုင်းဆတ်-စကခ(၁၄) တက်လာပြီး ထပ်ဖြည့် နေရာယူပါတယ်။ နမ့်ဆန်-သီပေါကြား သုံးရင်းတဗျူဟာ၊ လားရှိုး-နမ္မတူကြား သုံးရင်းတဗျူဟာနဲ့ နမ္မတူမှာ တပ်မမှူးကိုယ်တိုင် တပ်ရင်းနှစ်ရင်းနဲ့ သြဂုတ်လ ၃-၄-၅ ရက်တိုအတွင်းဖြန့်ကျက်လာတာဖြစ်တယ်။
တန့်ယန်းမြို့နယ်ဖက်မှာလည်း မြန်မာစစ်တပ်ရဲ့ တပ်မ (၂၂) တပ်ဖွဲ့တွေ သြဂုတ်လ ပထမပတ်အတွင်း ဗျူဟာစစ်ကြောင်း သုံးကြောင်းဖြန့်ခွဲဝင်ရောက်လှုပ်ရှားလာတာတွေ့ရပါတယ်။
နောက်ထပ်ဘယ်နေရာတွေထပ်တက်လာမလဲ ထပ်ဖြန့်လာမလဲစောင့်ကြည့်ရပါအုံးမယ်။
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံရဲ့ ငြိမ်ချမ်းရေးအတွက် ရှမ်း/မြောက်ဒေသမှာ မြန်မာစစ်တပ် လက်နက်ကြီးသံ စတင်လာပါပြီ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မြန်မာစစ်တပ်ကဘာရည်ရွယ်ချက်ထားပြီးလုပ်သလဲ။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ သေချာဆန်းစစ်ပြီးသုံးသပ်သင့်ပါတယ်။

NCA လက်မှတ်မထိုးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုအလားအလာ


မြန်မာအစိုးရရဲ့ NRPC နဲ့ မဟာမိတ်(၄)ဖွဲ့ (AA,KIA,MNDAA,TNLA) အကြား ၂၀၁၉ ခုနှစ်မှာ တွေ့ဆုံမှု များခဲ့ပါတယ်။ ကူမင်း၊ မူဆယ်၊ ကျိုင်းတုံ-၁၊ ကျိုင်းတုံ-၂ ဆွေးနွေးပွဲလုပ်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလ ၁၅ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နောက်ဆုံးတကြိမ်ထပ်တွေ့ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တခုလုံးရဲ့တွေ့ဆုံဆွေးနွေးမှုရလာဒ်အားလုံးဟာ ရေပေါ်အရုပ်ရေးတဲ့လုပ်ရပ်တွေတာဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက် အလွတ်ဆွေးနွေးပွဲမှာ နှစ်ဖက်အပြန်အလှန်ညှိနှိုင်းနေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ထည့်မဲ့အချက်တွေဖြစ်တဲ့ နှစ်ဖက်လုံးရဲ့အပြန်အလှန်အဆိုပြုချက်ကို နှစ်ဖက်စလုံးက အပြန်အလှန်သဘောမတူနိုင်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်သွားပြီး ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ နှစ်ဖက်စလုံးက သက်ဆိုင်ရာမိမိအဖွဲ့အစည်းတွေမှာပြန်လည်တင်ပြပြီး တိုင်ပင်ချိတ်ဆက်ကြဖို့အဆင့်သာ ဖြစ်ခဲ့တာပါ။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (သို့)မတ်လ လောက်မှာပြန်တွေ့ကြဖို့ပြင်ခဲ့ကြပေမဲ့ ကိုရိုနာ COVID-19 ကြောင့် တွေ့ဆုံမဲ့နေရာအခက်အခဲဖြစ်လာပါတယ်။ ကိုရိုနာကပ်ဆိုက်လို့ တွေ့ဆုံဖို့ခက်ခဲနေတဲ့ကြားက မတ်လ (၂၃) ရက်နေ့မှာ ရက္ခိုင်တပ်တော် AA ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းဖြစ်ကြောင်း ကြေညာလိုက်တော့ တွေ့ဆုံဖို့လမ်းကြောင်းပိုဝေးကွာခဲ့ပါတယ်။
ဇွန်လဆန်းမှာတော့ (၄) ဖွဲ့နဲ့ ကျိုင်းတုံ၊ မြစ်ကြီးနား မြန်မာပြည်တွင်းတနေရာရာမှာတွေ့ဆုံဖို့နဲ့ မတွေ့နိုင်ရင်လည်း Online Meeting လုပ်ဖို့ NRPC ကညှိနှိုင်း လာခဲ့ပါတယ်။ ကိုဗစ်ကာလ ခရီးသွားဖို့ ခက်ခဲပြီး တရုတ်နိုင်ငံကလည်းခရီးသွားလာရေးအတွက်လုံခြုံရေးအကူအညီ မပေးနိုင်တာကြောင့် တွေ့ဆုံဖို့ အခက်အခဲဖြစ်ခဲ့ရပါတယ်။
ရခိုင်ပြည်မှာ တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေချိန်မှာ (၄) ဖွဲ့နဲ့ NRPC တို့ Online Meeting လုပ်ဖို့ ကလည်း ဘယ်လိုမှ လက်တွေ့မကျနိုင်ပါ။ ဒါကြောင့် နှစ်ဖက်တွေ့ဆုံမှုမလုပ်နိုင်ပေမဲ့ ကြိုတင်ညှိနှိုင်းဖို့ဖြစ်နိုင်တာကို စာရေးပြီး အပြန်အလှန်ညှိနှိုင်းဖို့ (၄) ဖွဲ့ကအဆိုပြုပြီး ဇွန်လတတိယပတ်မှာ စာရေးပြီး စတင်ညှိနှိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ NRPC နဲ့ KIO အကြား Online Meeting လုပ်ကြတယ်လို့သိရပါတယ်။
ဇူလိုင်လ(၇) ရက်နေ့မှာတော့ NRPC က စာပြန်လာပါတယ်။ မူဆယ်-ကျိုင်းတုံ ဆွေးနွေးပွဲတွေမှာ (၄)ဖွဲ့က အဆိုပြုခဲ့တဲ့ အပစ်ရပ်စဲရေးသဘောတူညီချက်စာချုပ်မှာထည့်သွင်းမဲ့အချက်တွေကို NRPC က လက်မခံ နိုင်တာ ကူမင်းဆွေးနွေးပွဲကတည်းက ပြောထားပြီးဖြစ်ကြောင်းနဲ့ ယခုလည်းထိုကဲ့သို့ရပ်တည်နေကြောင်း ဖြစ်ပါတယ်။
NRPC ဖြစ်စေချင်တာကတော့ …
(၁) ယာယီ/ပဏာမ အပစ်ရပ်စာချုပ် စတင်လက်မှတ်ထိုးမယ်။
(၂) Bilateral အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အတွက် တဖွဲ့ချင်းနဲ့တွေ့ဆုံဆွေးနွေးမယ်။ သဘောတူညီမှုရရင် လက်မှတ်ထိုးမယ်။
(၃) NCA လက်မှတ်ထိုးရေးအတွက် တွေ့ဆုံဆွေးနွေးပြီးရင် လက်မှတ်ထိုးမယ်။ ဆိုပြီး အကြောင်းပြန်လာပါတယ်။
AA, KIA, MNDAA, TNLA (၄) ဖွဲ့ကလည်း …
(၁) ကြိုတင်ကန့်သတ်ချက်မပါတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်/ကြေညာချက်ကို အားလုံးအတူလုပ်ကြမယ်။
(၂) Bilateral အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အတွက် တဖွဲ့ချင်းနဲ့တွေ့ဆုံ ဆွေးနွေးမယ်။ တဖွဲ့ချင်းနဲ့ NRPC တွေ့ဆုံရာမှာ ကျန်(၃)ဖွဲ့ ကသက်သေအဖြစ်လိုက်ပါပြီး အားလုံးအကြား ဆွေးနွေးသဘောတူညီမှုရရင် (၄)ဖွဲ့စလုံး တချိန်တည်း၊ တနေရာတည်း၊ တပြိုင်တည်း အတူတကွလက်မှတ်ထိုးမယ်။
(၃) NCA စာချုပ်လိုက်ပါနိုင်ရေးအတွက် FPNCC အဖွဲ့နဲ့အတူတွေ့ဆုံဆွေးနွေးမယ်- ဆိုပြီး နောက်ဆုံးအကြောင်းပြန် ထားပါတယ်။

NCA လက်မှတ်မထိုးအဖွဲ့တွေနဲ့ မြန်မာအစိုးရ/မြန်မာစစ်တပ်အကြား တွေ့ဆုံဆွေးနွေးမှုနဲ့ အပြန်အလှန် ချိတ်ဆက်မှု နောက်ဆုံးအခြေအနေပါ။
NCA စာချုပ်လက်မှတ်မထိုး အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှု မတိုးတက်နိုင်တဲ့ချိန်မှာ ကျန် EAOs အဖွဲ့တွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းစစ်ကိုတကယ်ရပ်တန့်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး အမှန်တည်ဆောက်ဖို့လည်း မြန်မာအစိုးရမှာ အမှန်တကယ်စိတ်ဆန္ဒမရှိပါ။
တပ်မတော် မူ(၆) ရပ်ကနေ ဖယ်ခွာလို့မရပဲ အလုပ်လုပ်နေတဲ့ NRPC ကို သိကြားမင်း ဆင်းလာပြီး လာကူပေးရင်တောင် မြန်မာပြည်ငြိမ်းချမ်းရေးက အလုပ်ဖြစ်နိုင်မဲ့အရွေ့ မမြင်မိသေးပါဘူး။

NCA လက်မှတ်မထိုးအဖွဲ့များနှင့် တိုက်ပွဲအလားအလာ


AA, KIA, KNPP, MNDAA, NDAA, SSPP, TNLA, UWSA စတဲ့ NCA လက်မှတ်မထိုး (၈) ဖွဲ့မှာ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ AA, MNDAA, TNLA တို့နဲ့ အဓိကတိုက်ပွဲဖြစ်ပွားနေပါတယ်။ KIA နဲ့တော့ ကြာကြာတခါဖြစ်တာတွေ့ရပြီး၊ ၂၀၂၀ မှာဆိုရင် SSPP နဲ့မြန်မာစစ်တပ်ထိတွေ့မှု မရှိသေးပါ။
ဒီ ၂၀၂၀ နှစ်ပိုင်းအတွင်းထဲမှာ AA နဲ့ တိုက်ပွဲ (၃၅၀) ကျော်၊ TNLA နဲ့ တိုက်ပွဲအကြိမ် (၁၀၀) ကျော် ဖြစ်ခဲ့ပြီး ဆက်လက်ပြင်းထန်မဲ့အရိပ်လက္ခဏာတွေရှိနေပါတယ်။
မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ အသီးသီးက သြဂုတ်လ(၃၁)ရက်ထိ တဖက်သတ်အပစ်ရပ်ဆိုင်း တယ်လို့ ကြေညာထားပေမဲ့ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်မှာတိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေ ပါတယ်။ ရပ်တန့်နိုင်မဲ့ပုံလည်းမရှိသေးပါ။
မြန်မာ့တပ်မတော်ဟာ ရက္ခိုင့်တပ်တော်နဲ့ ရခိုင်လူထုကို သဲကြီးမဲကြီးချေမှုန်းတိုက်ခိုက်နေတာ တနှစ်ကျော်လာ ပါပြီ။ မြန်မာစစ်တပ်ရှိသမျှ တပ်မ (၁၁၊ ၂၂၊ ၃၃၊ ၄၄၊ ၅၅၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉၊ ၁၀၁) နဲ့တိုင်းလက်အောက်ခံတွေ ထဲက စကခ အတော်များများကို ရခိုင်ပြည်ဆီ အလှည့်ကျပို့ ထိုးစစ်ဆင်တယ်။ ရခိုင်မှာရှိတဲ့ ရေတပ်၊ ရဲတပ်ဖွဲ့နဲ့ အချို့တိုင်းရင်းသားနယ်ခြားစောင့်တပ်တွေအပါအဝင် အင်အားဖြည့် ချေမှုန်းရေးလုပ်တယ်။ လက်နက်ကြီး အမြှောက်တပ်ဖွဲ့တွေအပြင် လေကြောင်းတပ်ဖွဲ့တွေပါ လိုအပ်သလိုအင်အားသုံးနေပါတယ်။
ရခိုင်ပြည်အလယ်ပိုင်း၊ မြောက်ပိုင်းက ရခိုင်ပြည်သူတွေ၊ ချင်းပြည် ပလက်ဝဒေသကပြည်သူတွေဟာ စစ်ဘေးဒဏ်ကိုအလူးအလဲခံနေကြရပြီး တိုက်ပွဲစစ်ဘေးဒဏ်ကြောင့် သေဆုံးသူ၊ ဒုက္ခိတဖြစ်သူ အရေအတွက် နေ့စဉ်နှင့်အမျှတိုးလာနေပါတယ်။ အေအေတပ်ဖွဲ့တွေခိုအောင်းတယ်လို့အကြောင်းပြပြီး ရခိုင်ရွာပေါင်း မြောက်များစွာကို မီးရှို့ဖျက်ဆီးနေပါတယ်။
အခု စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ လုပ်မယ်လို့ပြောနေတဲ့ကာလတိုအတွင်းမှာပဲ တပ်မ (၂၂၊ ၈၈) နဲ့ စကခ (၁၄) ကို ရှမ်းမြောက်ဖက်ပြန်ပို့ပြီး လှုပ်ရှားလာပါတယ်။ တအာင်းတပ်မတော်အခြေချတဲ့ဒေသ (ရှမ်းမြောက်) မှာ ဒေသခံ ရမခ တိုင်းတပ်များအပြင် (၁၀၁၊ ၂၂၊ ၈၈၊ ၉၉) နဲ့ စကခ (၇၊ ၁၄) တို့ စုပေါင်းခြေရှုပ်လာတာဟာ တိုက်ပွဲကို လိုအပ်သလို ပြင်းထန်အောင်ဖန်တီးမဲ့ မြန်မာစစ်တပ်ရဲ့ ကာလရှည်ကြာအစီအမံဖြစ်ပါတယ်။
ဒါကြောင့် သေနတ်သံတိတ်မယ် မတိတ်ဘူး ဆိုတဲ့ ဖဲချပ်ဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လက်ထဲမှာသာရှိတဲ့ စစ်ပွဲဂျိုကာဖဲချပ်တွေပဲဖြစ်ပါတယ်။
လတ်တလော မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမိုးလေဝသ အခြေအနေကတော့ တိုက်ပွဲပြင်းထန်မဲ့အလားအလာ များနေပါတယ်။

NCA လက်မှတ်ထိုးအဖွဲ့များနှင့် တိုက်ပွဲအလားအလာ


NCA လက်မှတ်ထိုးပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းကနေ ယနေ့ကာလအထိ မြန်မာစစ်တပ်နဲ့ ထိတွေ့မှု တိုက်ပွဲအကြိမ် (၁၀၀) ကျော်ဖြစ်ခဲ့တာကတော့ KNU/KNLA နဲ့ RCSS/SSA အဖွဲ့တွေဖြစ်ပါတယ်။ နယ်မြေကျော်မှု၊ ဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေး စသဖြင့်အကြောင်းအမျိုးမျိုးကြောင့် မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတိုင်းလည်း NCA စာချုပ်ပါ ပူးတွဲညှိနှိုင်းဖြေရှင်းမဲ့ အလုပ်အဖွဲ့က ကြေလည်အောင်မဖြေရှင်း နိုင်သေးပါဘူး။ ဒါကြောင့်လည်းပဲ လက်မှတ်မထိုးခင်ကတည်းက အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရဲ့ စုဖွဲ့မှုနဲ့လုပ်ငန်းစဉ်တွေဟာ လက်တွေ့အလုပ်မဖြစ်နိုင်လို့ ပြင်ဖို့လိုမယ်ဆိုတာ ထောက်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ NRPC ထဲကပုဂ္ဂိုလ်တွေပြောသလိုပါပဲ ဒီပူးတွဲကော်မတီ ရှိနေလို့သာ လက်မှတ်ထိုးအဖွဲ့တွေနဲ့မြန်မာ စစ်တပ်အကြားတိုက်ပွဲတွေဟာ ဆိုးဆိုးရွားရွားပြင်းထန်မလာပဲ ဖြစ်လိုက် ရပ်လိုက် အခြေအနေကိုထိန်းနိုင်တဲ့ အနေအထားတွေ့မြင်ရပါတယ်။
စစ်အင်အားနဲတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆိုရင်တော့ နဲနဲခေါင်းထောင်တာနဲ့ မြန်မာစစ်တပ်ရဲ့တဖက်သတ်လွှမ်းမိုးမှုကို ခံကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေဟာ မိမိစစ်အင်အားကိုတောင့်တင်းအောင်ပြင်ဆင်ထားနိုင်မှသာလျှင် တိုက်ပွဲဖြစ်ပွားမှုကို မြန်မာစစ်တပ်နဲ့ယှဉ်ပြီး ထိန်းညှိနိုင်မှာဖြစ်ပါတယ်။
အင်အားနဲသူ၊ အမျိုးသားရေးလမ်းကြောင်းလွှဲသူ အဖွဲ့အစည်းမျိုးကို မြန်မာစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး စစ်ရေးအရချေမှုန်းတာ၊ လက်နက်ဖြုတ်သိမ်းတာနဲ့ တော်လှန်ရေးဇာတ်နိဂုံးမလှမပ ချုပ်ကြရတာဖြစ်တယ်။
ဒါကြောင့် NCA လက်မှတ်ထိုးပြီးတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလည်း အင်အား ခနှောခနှဲ့ လျော့တိလျော့ရဲဖြစ်ရင်တော့ ခံကြရမှာမို့ မိမိဒေသတိုက်ပွဲအရှိန်လျော့ရေးထိန်းထားရေးနဲ့ မြန်မာစစ်တပ်ရဲ့စစ်ရေးဖိအားကို အန်တုနိုင်ဖို့ မိမိရဲ့တပ်ဖွဲ့စစ်အင်အားကို အဖြစ်နိုင်ဆုံးတောင့်တင်းအောင် ပြင်ဆင်တည်ဆောက်ကြဖို့အားလုံးနားလည်နေပါပြီ။
မြန်မာစစ်တပ်ရဲ့ လက်နက်ဖြုတ်သိမ်းရေးမူဝါဒ အတိုင်းပဲဆိုရင်တော့ NCA လက်မှတ်ထိုးပြီးတဲ့တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း မြန်မာစစ်တပ်ရဲ့မူကိုမလိုက်နာရင် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မဲ့အလားအလာရှိပါတယ်။

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံရဲ့ နိုင်ငံရေးအဖြေ အလားအလာ


နိုင်ငံရေးဆွေးနွေးပွဲကနေ ပြည်သူလူထုတွေရည်မှန်းတဲ့နိုင်ငံရေးပြောင်းလဲမှုဆီ တကယ်ပြောင်းလဲခဲ့တဲ့ တောင်အာဖရိကနိုင်ငံ အပြောင်းအလဲကို အဖိနှိပ်ခံတော်လှန်ကြသူအားလုံး လိုချင်ကြပါတယ်။
မြန်မာပြည်မှာတော့ အဲဒီလိုသိသာထင်ရှားတဲ့ပြောင်းလဲမှုအဆင့် မျှော်လင့်ဖို့တော်တော်ခက်ပါတယ်။ မြန်မာစစ်အစိုးရဟာ ဥပဒေကိုလေးစားပြီး လူလိုသိတဲ့ လူဖြူအစိုးရ မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း နယ်ဆင်မင်ဒဲလား လို ခေါင်းဆောင်မျိုးမဟုတ်ပါ။
လူထုအပေါ်ငဲ့ညှာစာနာစိတ် တစက်မှမရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ လူထုဖိနှိပ်မှုအမျိုးမျိုးကို အရှက်တရားမရှိ အသုံးပြုတယ်။ တန်ပြန်တော်လှန်ရေး၊ တန်ပြန်လူထုလှုပ်ရှားမှု၊ ဘာသာရေးပဋိပက္ခ စသဖြင့်လိုအပ်သလိုဖန်တီးအသုံးပြုတယ်။ ပြည်သူလူထုတွေရဲ့ ပညာရေးကိုအသေအချာဖျက်ဆီးပြီး အကျင့်စာရိတ္တတွေပျက်ပြားအောင် စနစ်တကျဖော်ဆောင်တယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းဟာ ပြည်သူလူထုအတွက် အရင်းအနှီးပေးဆပ်မှု အတော်ကြီးကြီးမားမားပေးခဲ့ကြရတယ်။ ပေးနေကြရတယ်။ ဒါပေမဲ့ ပန်းတိုင်မရောက်နိုင်သေးဘူး။
ဗမာအပါအဝင် တိုင်းရင်းသားပြည်သူလူထုတွေ ပြည်တွင်းစစ်မှာ အသက်ပေါင်းများစွာ စတေးကြရတယ်။
၈၈၈၈ အရေးအခင်းမှာ လူမျိုးပေါင်းစုံပြည်သူလူထုနဲ့ကျောင်းသားတွေ ဘဝပေါင်းများစွာ စတေးကြရတယ်။
ရှစ်လေးလုံးတော်လှန်ရေးကြီးကြောင့် မဆလ တပါတီအာဏာရှင်ပြုတ်ကျပြီး၊ ဒီမိုကရေစီအခင်းအကျင်းကို ဖော်ဆောင်မဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီအင်အားစုတွေ ပေါ်လာခဲ့တယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားအဖွဲ့ EAOs အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး နိုင်ငံရေးအပြောင်းအလဲအတွက် ၁၉၉၃ ကစလိုက်တဲ့ အမျိုးသားညီလာခံ ကို ၂၀၀၇ ခုနှစ်မှာအပြီးသတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဖြစ်လာတာပါ။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ကဏ္ဍအသီးသီးကို လက်ရှိမြေပြင်အရ ပုံစံအမျိုးမျိုးထိန်းချုပ်ထားပြီးတဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ပါ ထပ်ဆင့်ထိန်းကွပ်ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး တပ်မတော်က သဘောထားကြီးစွာ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဖော်ဆောင်တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကနေ ဖြစ်လာတဲ့ NLD အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပြဿနာပေါင်းစုံ ကင်ဆာရောဂါသဖွယ်တည်ရှိနေဆဲဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တွေ ချပေးတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်အုပ်စုအစိုးရလက်ထက် သစ်၊ ရွှေ၊ ကျောက်လုပ်ကွက် လုပ်ခွင့်ပါမစ် ချပေးတဲ့လမ်းကြောင်းအတိုင်းပဲဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ပါမစ်အတိုင်း သူတို့လူနဲ့အဆင်ပြေအောင်ပေါင်းစပ်လုပ်စားနိုင်ရင်တော့ ပုဂ္ဂလိကအရ တကိုယ်တည်းကြီးပွားနိုင်ပါတယ်။
ဒေသခံအတွက် ပြည်သူလူထုအတွက်တကယ်အလုပ်လုပ်ရင် အဲဒီလုပ်ခွင့်ပါမစ်က အလုပ်မဖြစ်တော့ပါ။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ဖြစ်ပေါ်လာတဲ့ အစိုးရတွေဟာ NLD ဖြစ်ဖြစ်၊ ဘယ်ဒီမိုကရေစီပါတီ ဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကနေမဖောက်ထွက်နိုင်ရင်၊ တိုင်းရင်းသား EAOs အဖွဲ့တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပါအဝင် ပြည်သူလူထုနဲ့အတူ လက်တွေ့ကျကျ မပေါင်းစပ်ဘူးဆိုရင်တော့ အတုယောင်ဒီမိုကရေစီစနစ်အောက်မှာ ကျရှုံးတဲ့နိုင်ငံတော် ကိုဖော်ဆောင်သူတွေပဲဖြစ်လာမှာပါ။
ဘယ်ပါတီက အစိုးရတက်တက် ပါတီရဲ့တိကျတဲ့ ပြည်တွင်းစစ်ရပ်စဲရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို အသေအချာချမှတ်ပြီး တိုင်ရင်းသားပြည်သူတွေနဲ့အတူလက်တွဲမလုပ်ဘူးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မကျော်နိုင်ပါဘူး။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံရဲ့ နိုင်ငံရေးအဖြေ အလားအလာ ဟာ ပထမ-ဒုတိယ-တတိယ အကြိမ်တွေတုန်းကထက် ဘာမှသိပ်မျှော်လင့်ဖွယ်ရာမရှိပါ။
တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင် အပေါင်းအပါတွေက ပြည်သူလူထုအတွက် တကယ့်ပြောင်းလဲမှုဖြစ်မဲ့ မည်သည့်နိုင်ငံရေးပြောင်းလဲမှုမျိုးကိုမဆို ကဖျက်ယဖျက်လုပ်ပြီး တားဆီးနှောင့်ယှက် မှာဖြစ်ပါတယ်။
ဘာတွေဆွေးနွေးပြီး ဘာရလာဒ်ထွက်မယ်မှန်းမသိနိုင်တဲ့ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကို အခြား NCA မထိုးတဲ့တိုင်းရင်းသားအဖွဲ့တွေ မတက်နိုင်ဖို့အတွက် AA ရက္ခိုင်အဖွဲ့ကို မဖိတ်နိုင်ဘူးဆိုတဲ့အပြင် ဖိတ်တဲ့အဖွဲ့တွေကလည်း ဖိတ်ကြားခံရတဲ့ ခေါင်းဆောင် (၂) ဦးကပဲ လူစားလဲခွင့်မရှိတက်ရမယ် လို့ ဦးဇော်ဌေး ကသတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။
နအဖ စစ်အုပ်စုရဲ့ နှစ်ရှည် အမျိုးသားညီလာခံ ကနေ ဒီမိုကရေစီ သားလျှော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ မွေးထုတ် ပေးလိုက်သလို၊ ဒီ ကာလရှည်အချိန်ဆွဲကျင်းပမဲ့ ၂၁ ရာစုပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကလည်း သားလျှောပြည်ထောင်စု၊ လူစင်မမီပြည်ထောင်စု မွေးထုတ်ပေးပြီး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ထဲ တဝဲလည်လည်နေဖြစ်ရင်း လူလွန်စစ်ဗိုလ်ချုပ်တွေရဲ့ ချမ်းသာကြွယ်ဝမှု၊ ကဏ္ဍစုံချယ်လှယ်မှုကိုသာ အသိအမှတ်ပြု အသက်ဆက်ပေးနေပါလိမ့်မယ်။

ဘုန်းကျော် (လက်ဖက်မြေ)
၈/၈/၂၀၂၀