ဖက်ဒရယ်ပြည်ထောင်စု

ဘယ်လိုစုဖွဲ့မှုနဲ့ ပြည်ထောင်စု ဖွဲ့စည်းမလဲ…
နိုင်ငံရေးအဖြေ ဘာလဲ ……
……………………………..
ဖက်ဒရယ်ပြည်ထောင်စု
……………………………..
အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ တော်လှန်ရေးအလုပ်စလိုက်ကတည်းက တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဟာ နိုင်ငံရေးအဖြေပဲ။

လူမျိုးစုံ တိုင်းရင်းသားပေါင်းစုံရှိတဲ့ ဒီနိုင်ငံအတွက် ပြည်ထောင်စုစနစ်က အသင့်လျော်ဆုံး ဆိုတာ အားလုံးလက်ခံကြပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံကြီးတွေ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးစနစ် ကို ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးကြတယ်၊ အောင်မြင်ကြတယ်၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ စတဲ့ စူပါအင်အားကြီးနိုင်ငံတွေရဲ့ ပြည်ထောင်စုစနစ် အမျိုးမျိုးကို တွေ့ရမှာပါ။

အင်္ဂလိပ်ပေးတဲ့ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးအခြေအနေအရ ပြည်ထောင်စု အမည်ခံ တပြည်ထောင် ပုံစံနဲ့ ၁၉၄၇ ဖွဲ့စည်းပုံ သုံးပြီးလုပ်ခဲ့တယ်။ ပြည်နယ်၊ ဝိသေသတိုင်းတွေ လိုအပ်သလို တောင်းဆိုတိုက်ပွဲဝင်တဲ့အပေါ် ရှိတဲ့ လိုအပ်မှုအတိုင်း ပြင်ဆင်စုဖွဲ့ ခဲ့တာတွေ့ရတယ်။

ခက်ခဲကြမ်းတမ်းခဲ့တယ်။ မွန်၊ ကရင် အခြားလူမျိုးပြဿနာတွေ အများကြီးပွင့်အန်လာခဲ့တယ်။

ဦးနေဝင်း အာဏာသိမ်းပြီးနောက် ပြည်နယ် (၇)၊ တိုင်း (၇) နဲ့ ဗဟိုအလုံးစုံချုပ်ကိုင်တဲ့ ဟန်ပြ ပြည်ထောင်စုနိုင်ငံ ကို ၁၉၇၄ ဖွဲ့စည်းပုံနဲ့အုပ်ချုပ်ခဲ့တယ်။

နအဖ လက်ထက် ညောင်နှစ်ပင်ညီလာခံကနေ ထွက်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြည်ထောင်စုနိုင်ငံ ဆက်လုပ်ကြတယ်။

ပြည်နယ် (၇) တိုင်းဒေသကြီး(၇) နဲ့ ရှမ်းပြည်တွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅) ခု စုဖွဲ့မှုပါ။

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး(၇) ခုလွှတ်တော်၊ ပြည်နယ် (၇) လွှတ်တော် စသဖြင့် ၂၀၀၈ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးပေါ့။

အဲဒီအခင်းအကျင်းကြားက ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်မှာ အစိုးရသက်တမ်း ငါးနှစ်ကုန်သွားပြီး တိုင်းရင်းသားလူမျိုး နိုင်ငံရေးပြဿနာ ဘာမှသေချာ မရှင်းနိုင်လိုက်ခဲ့ဘူး။

၂၁ ရာစုပင်လုံညီလာခံနဲ့ ဇယားတွေရှုပ်ပြီး ရခိုင်၊ တအာင်းဒေသမှာ စစ်မီးတွေတောက်ခဲ့တယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD က အပြတ်သတ်အနိုင်ရခဲ့ပေမဲ့ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး ကိုင်တွယ်ပုံမပါးနပ်လို့ နိုင်ငံရေးရှုပ်ထွေးတဲ့ကြား မင်းအောင်လှိုင် က အာဏာသိမ်းတော့ နစက ဇာတ်ပျက်ထဲ သက်ဆင်းခဲ့ရတာဖြစ်ပါတယ်။

ဗမာခေါင်းဆောင်၊ စစ်ခေါင်းဆောင်၊ အာဏာရှင်နဲ့ ဒီမိုကရေစီ ခေတ်အဆက်ဆက်ရဲ့ ပြည်ထောင်စုတည်ဆောက်မှုတွေမှာ မိမိနိုင်ငံသားဖြစ်တဲ့ တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိတဲ့ နိုင်ငံရေးအဖြေဟာ ပြည်တွင်းစစ်မီးကြီးမပြီးစီးနိုင်အောင် တောက်လောင်လို့ သွေးရနံ့ကြား အားလုံး ဘဝပေါင်းများစွာပျက်ဆီး ခဲ့ကြရတယ်။

အခုလည်း စစ်ပွဲပေါင်းစုံကြား နေ့တိုင်း ဘဝပေါင်းများစွာ အသက်ဆုံးရှုံး နေရတယ် ထပ်ကျဆုံးရအုံးမယ်။

……………………………..
တိုင်းရင်းသား EAOs တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု
……………………………..
လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြတဲ့ တိုင်းရင်းသား လူမျိုးများဟာ နိုင်ငံရေးအရ ရည်မှန်းချက်အမျိုးမျိုးရှိကြပြီး အင်အားနဲ့လုပ်နိုင်စွမ်းအပေါ် ပြောင်းလဲကြတာ တွေ့ရပါတယ်။

ကရင်၊ မွန်၊ ချင်း စတဲ့ လူမျိုးတွေကတော့ ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် တောက်လျှောက် တိုက်ပွဲဝင်လာခဲ့ကြတယ်။

ရခိုင့်နိုင်ငံနဲ့ အာရကန်အိပ်မက်၊ ရှမ်း ပြည်ထောင်စု သမတနိုင်ငံ၊ ဝမ်ပေါင်နိုင်ငံတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ စသဖြင့် တော်လှန်ရေးအိပ်မက်ရှည်ကြီးတွေ မက်ခဲ့ကြတယ်။ မက်နေဆဲ EAOs အဖွဲ့နဲ့ ခေါင်းဆောင်တွေလည်းရှိတယ်။

ဒါပေမဲ့ EAOs နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ အင်အားစုအားလုံးဟာ ဖက်ဒရယ်ပြည်ထောင်စု ကို ဝိသေသနပြုပြီး ပုံစံအမျိုးမျိုးနဲ့ လာရောက်ပြီး ဆုံချက်အဖြစ် စုစည်း နေကြပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်စု စကားဟရင် ပင်လုံစာချုပ် ကနေစကြတာ အများစုပါ။ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်ရဲ့အသက်ဝင်မှု အဲ့တာတွေကတကယ်အားကောင်းပြီး နိုင်ငံရေးကံကြမ္မာညံ့လို့ တကယ့်ပြည်ထောင်စု မဖြစ်သေးသလိုလို ပြောတတ်ကြတယ်။

ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကပဲ တကယ်ရိုးအပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုအပြည့်အဝယုံကြည်လွန်းအားကြီးသလိုလို၊ ဗိုလ်ချုပ်အောင်ဆန်း တာ မကျဆုံးရင် တကယ်ကို ပြည်ထောင်စု နိုင်ငံကြီးက ပင်လုံစာချုပ်အတိုင်း ဖြစ်လာတော့မလိုလို ပြောဆိုထောက်ပြတာတွေ့ရပါတယ်။

ဒါပေမဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံစိတ်ဓါတ် စတဲ့ရှိသမျှ ပင်လုံနဲ့ပတ်သက်တာ အားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းတို့နဲ့အတူ လုပ်ကြံခံရပြီး မြေမြုပ်မီးရှို့သဂြိုဟ်ခံလိုက်ရပြီးပါပြီ။

အဲဒီ ပင်လုံနဲ့စပ်လျဉ်းလို့ အချင်းချင်း ရန်ဖြစ်စရာ ဝိရောဓိတွေတာ ကျန်ရှိနေတာပါ။

၉၀ ရွေးကောက်ပွဲကာလ UNLD/ UNA တို့ တိုင်းရင်းသား နိုင်ငံရေးမင်းမူဦးဆောင်ချိန်မှာတော့ တန်းတူရေး အနေနဲ့ မြန်မာပြည်နယ် ပေါ်ပေါက်ဖို့ (၈) ပြည်နယ် အခြေခံ ပြည်ထောင်စုမူ ကို ဖော်ထုတ်ပြီး တိုက်ပွဲအလံတင်ခဲ့ကြတယ်။

တိုင်း(၇)တိုင်းကို ယူပြီး ကျန်ပြည်နယ် (၇)ခုနဲ့ ဗမာလူများစု တန်းတူရေးလုပ်တာ မညီမျှဘူး၊ ဗမာပြည်နယ် ပေါ်ဖို့ ဦးတည်ခဲ့ကြတယ်။

ပြည်မနိုင်ငံရေးမှာတင်မက လက်နက်ကိုင်တော်လှန်ရေးနယ်မြေအထိ ရှစ်ပြည်နယ်မူ အစွမ်းထက်ခဲ့တယ်။

ယနေ့နိုင်ငံရေးအခြေအနေထိလည်း ရှစ်ပြည်နယ်မူက အလံလွှင့်ဖို့ တာစူနေဆဲပါ။

တော်လှန်ရေးအစိုးရ၊ EAOs တပ်ပေါင်းစု ဘယ်လိုစုဖွဲ့မှု လုပ်ဖို့ကြိုးပမ်းတိုင်း ပြည်နယ်အခြေခံ အသေဆုပ်ကိုင်ထားကြတယ်။

ပြည်နယ်အခြေခံမူနဲ့ ပြည်ထောင်စု ဖွဲ့စည်းမယ်၊ တော်လှန်ရေး တပ်ပေါင်းစု ဖွဲ့စည်းမယ် ဆိုရင် ကျန်လူမျိုးအတွက် ထည့်တွက်စဉ်းစားနိုင်ဖို့ ပြည်နယ်သစ် လက်ခံဖို့ကြတော့ တံခါးပိတ်ထားကြတယ်။

ကိုးကန့်၊ ရှမ်းနီ၊ နာဂ၊ ပအိုဝ်း၊ ဝ၊ တအာင်း(ပလောင်)၊ လားဟူ စတဲ့ အပယ်ခံ လူမျိုးတွေကို အဓိကလူမျိုးကြီး ရှစ်မျိုးဆိုတဲ့ အိတ်ထဲကို ဇွတ်သွတ်တွင်းနေကြတာ ရာစုနှစ်တဝက်ကျော်ရှိတော့မယ်။

လက်ရှိ NUCC, NUG တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကို ဖွဲ့စည်းတာ ဒီ စုစည်းမှုအခြေခံတွေ အမြင်တူညီအောင် မလုပ်နိုင်လို့ အချိန်ကြာနေတာဖြစ်ပါတယ်။ EAOs တွေ လက်တွေ့တိုက်ရိုက်ပါဝင်ခြင်း မရသေးတာဖြစ်တယ်။

ဘုံရန်သူလို့ ပြောတဲ့ မအလ မြန်မာစစ်တပ်ကို တိုက်ပွဲဖော်တာ ဟိုတကွက် ဒီတကွက်နဲ့ ဟိုမှာတိုက်ပွဲဖြစ်ချိန် ဒီမှာချစ်တင်းနှော နေကြတာ အားလုံးတပြိုင်နက်အတိုင်းတာ တိုက်ပွဲမဖော်နိုင်ကြတာဖြစ်တယ်။

တိုင်းရင်းသား လက်နက်ကိုင်ကော နိုင်ငံရေးပါတီပါ ပြည်ထောင်စု အခြေခံမူသဘောထား ပြန်သုံးသပ်သင့်ပါပြီ။

တိုင်းရင်းသား လက်နက်ကိုင်ကော နိုင်ငံရေးပါတီရဲ့ တော်လှန်ရေးကာလဟာ ရာစုနှစ်တခု ပြည့်ပါတော့မယ်။ တကယ်ကိုက်ညီ လက်တွေ့ကျတဲ့ ပြည်ထောင်စုမူ ဟုတ်သလား စဉ်းစားစရာပါ။

……………………………..
ပြည်ထောင်စု နိုင်ငံရေးပြဿနာ အဖြေကဘာလဲ
……………………………..
ပြည်ထောင်စု ဆိုတဲ့နိုင်ငံရေးစနစ်သီအိုရီက ကျယ်ပြန့်ပါတယ်။

ဘယ်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်မှ မြန်မာပြည်နဲ့မကိုက်ညီပါ။

ဘယ်နိုင်ငံရဲ့ဖက်ဒရယ်စနစ်ကိုမှ မြန်မာပြည်အတွက် ပုံတူယူ နိုင်ငံရေးအဖြေရှာလို့မရပါ။

လွတ်လပ်ရေးရပြီးကာလ၊ ၉၀ နိုင်ငံရေးကာလ၊ ၂၀၁၀ နိုင်ငံရေးကာလက သင့်လျော်မယ် ယူဆထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရပ်တည်ချက် သဘောထားတွေကို သတ်တမတ်တည်း ဆုပ်ကိုင်လို့ မရတော့ပါ။

တော်လှန်ရေးကြားကာလ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ကိုက်ညီတာ ဆွေးနွေးစုစည်းရပါမယ်။

တိုင်းရင်းသားလူမျိုးတိုင်း တကယ်လက်တွေ့ကျတဲ့ ပြည်ထောင်စုအဖြေကို ချဉ်းကပ်လက်သင့်ခံသင့်ပါတယ်။

ဗမာလူမျိုးကြီးလို့ တိုက်ခိုက်ပြီး ကိုယ့်လူမျိုး အင်ပါယာကိုထူထောင်တယ် ကျန်လူမျိုးစုကိုဖိနှိပ်မဲ့ လမ်းကြောင်းမျိုး မလုပ်သင့်တော့ပါ။

မိမိလူမျိုးရေး တခုတည်းကောင်းစားဖို့ပဲ သိပ်အမြင်ကျဉ်းတဲ့ လူမျိုးရေးလည်းမလုပ်သင့်ပါ။

မာဂျင်နယ်လိုက်လုပ် ခွဲချန်ထားခဲ့တဲ့ လူမျိုးတွေရဲ့အား၊ လူငယ်အမျိုးသမီးတွေရဲ့အားကို တော်လှန်ရေးမှာ အသုံးပြုနိုင်အောင် လမ်းဖွင့်ရပါမယ်။

အင်အားရှိ၊ အင်အားမရှိ လူမျိုးစု တွေအတွက် နိုင်ငံရေးတန်းတူမှု အလေးထားကြရပါမယ်။ တောင်းနိုင် တိုက်နိုင်တဲ့သူအတွက်ပဲ တန်းတူရေး လုပ်ပေးလို့မသင့်ပါ။

အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာကျန်းမာရေး၊ စစ်ရေး အစစ အရာရာ ကိုယ်တိုင်ဖန်တီး ပြီး၊ ဗဟိုအစိုးရအကူညီမပါ စီမံခန့်ခွဲအုပ်ချုပ်နေတဲ့ ‘ဝ’ ပြည်နယ် အဖွဲ့အစည်းအတွက်ကော ဘယ်လို ပြည်ထောင်စုမူ လုပ်မလဲ ပြင်ဆင်ဖို့လိုပါတယ်။

အမည်ခံ ပြည်နယ်တွေတာရကြပြီး အဓိကလူမျိုး အဓိကပြည်နယ် မူကိုတရားသေလက်ကိုင်ထားရင်း မြန်မာအစိုးရ အဆက်ဆက်လက်အောက်က အမြဲလွတ်နေတဲ့ ‘ဝ’ လူမျိုးနဲ့ ပြည်နယ် အတွက် နိုင်ငံရေးအဖြေ စဉ်းစားရပါမယ်။

မြန်မာလူမျိုးအတွက် မြန်မာပြည်နယ် လိုအပ်သလို ပထဝီနယ်မြေအရ ပြည်နယ်တွေလည်း ပေါ်ပေါက်ဖို့လိုပါတယ်။

ပြည်နယ်မရှိတဲ့လူမျိုးတွေအတွက်လည်း သတ်မှတ်သဘောတူညီချက်အတိုင်း ပြည်နယ်သစ်တွေ ပေါ်ပေါက်သင့်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ လူမျိုးစု၊ လူအစုအဖွဲ့တွေအတွက် အတတ်နိုင်ဆုံးတော့ ဒီမိုကရေစီနဲ့ အစိုးရစီမံအုပ်ချုပ်မှုထံ အမြန်ဆုံးအကာကွယ်ရယူနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်လူမျိုးလွတ်မြောက်ရေးနဲ့ အာဏာရှင်တိုက်ဖျက်ရေး အတွက် တိုက်ပွဲဝင်နေတဲ့သူ အဖွဲ့အစည်း၊ လူမျိုး အားလုံး တော်လှန်ရေးအချိန်အခါကာလနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးရပ်တည်ချက်သဘောထား ရှိဖို့လိုအပ်ပါတယ်။

ဒါမှသာ တော်လှန်နိုင်တဲ့ အားတွေ အားလုံးကို တစုတစည်းတည်းစုဖွဲ့ပြီး ဟန်ချက်ညီတဲ့ နိုင်ငံရေး၊ စစ်ရေး တိုက်ကွက်တွေ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဘုန်းကျော် (လက်ဖက်မြေ)
2021/05/27