တအာင်းဒေသအတွင်း မြန်မာ့တပ်မတော် အင်အားအဆမတန်တိုးချဲ့ထိုးစစ်ဆင်လာသည့်အပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်

သဘောထားထုတ်ပြန်ချက်အမှတ် (၄/၂၀၁၆)
၀၁ ရက်၊ မတ်လ၊ ၂ဝ၁၆ ခုနှစ်

ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် အစရှိသည့်တအာင်းဒေသတွင်းသို့ မြန်မာ့တပ်မတော်မှ စစ်အင်အားများတိုးချဲ့ကာ ထိုးစစ်အရှိန်ပိုမိုမြှင့်တင်ခြင်းသည် မြန်မာပြည်၏ငြိမ်းချမ်းရေးကို ဟန့်တားပျက်စီးစေသည့် လုပ်ရပ်အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

P.S.L.F/T.N.L.A သည် စစ်မှန်သောမြန်မာပြည်ငြိမ်းချမ်းရေးကိုရှေ့ရှုသောအားဖြင့် မိမိတို့ တအာင်းဒေသတွင် တိုက်ပွဲထိတွေ့မှုများအတတ်နိုင်ဆုံးလျော့ချရန်သဘောထားကို ဆက်တိုက်ထုတ်ပြန်ရှင်းလင်းခြင်းနှင့်အတူ အောက်ခြေ ရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးကိုလည်း ခုခံခြင်းမှတပါး ထိတွေ့တိုက်ခိုက်မှုများရှောင်ရှားရန် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းကပင် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ပါသည်။

သို့သော်လည်း မြန်မာ့တပ်မတော်သည် NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးခဲ့သည့် RCSS/SSA ရှမ်းပြည် တောင်ပိုင်းတပ်မတော်အား မိမိတို့၏လှုပ်ရှားနယ်မြေအတွင်း ဝင်ရောက်အခြေချစေပြီး တိုင်းရင်းသားအချင်းချင်း စစ်ရေးပဋိပက္ခများပြင်းထန်စွာဖြစ်ပွားစေရန် အဖက်ဖက်မှကူညီသွေးထိုးအားပေးခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ တအာင်းဒေသတွင်းတွင် မြန်မာ့တပ်မတော်၊ RCSS/SSA တပ်ဖွဲ့တို့နှင့် မိမိတို့ TNLA တအာင်းတပ်မတော်အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားကာ ဒေသခံမိဘပြည်သူများ စစ်ဘေးဒဏ်သင့်ခဲ့ကြရပါသည်။

ယခုရက်ပိုင်းအတွင်းတွင်လည်း မြန်မာပြည်မမှ လက်ရှိရှမ်းပြည်မြောက်ပိုင်းသို့ စစ်လက်နက်များ၊ ဝန်တင်မြင်း များ၊ စစ်အင်အားများအပြည့်တင်ဆောင်ထားသည့် စစ်ကားအစီး ၅၀၀ ကျော်ဆက်တိုက်တင်ပို့တိုးချဲ့လျက်ရှိပါသည်။ မြန်မာ့တပ်မတော်သည် တအာင်းဒေသ၊ ကိုးကန့်ဒေသနှင့် KIA တပ်မဟာ(၄)နှင့်(၆) ဒေသသို့ ရမခ တိုင်း လက်အောက်ခံတပ်များ၊ စကခ ၁၊ ၁၆ တို့အပြင် တိုက်ခိုက်ရေး တပ်မ များဖြစ်သည့် ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တို့ ကို ၂၀၁၅ နှစ်ဦးပိုင်းကတည်းက ဖြန့်ချထိုးစစ်ဆင်နေခဲ့ပြီး၊ ယခုအခါ တပ်မ ၅၅၊ ၁၀၁ နှင့် စကခ ၂၊ ၇၊ ၁၀ အစရှိသည့် စစ်အင်အားများဆက်တိုက်တိုးချဲ့လာပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထုတရပ်လုံးကယုံကြည်စွာရွေးချယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အာဏာလွှဲပြောင်းပေးရမည့် အချိန်ကာလတွင် ပြည်တွင်းစစ်မီးပိုမိုတောက်လောင်စေရန် မြန်မာစစ်ခေါင်းဆောင် များမှ ဖန်တီးလုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံတွင် စစ်ပွဲများပြင်းထန်လာရန်၊ မြန်မာ့လူ့အဖွဲ့အစည်းတွင်း တည်ငြိမ် အေးချမ်းမှုမရှိစေရန် မြန်မာစစ်ခေါင်းဆောင်များမှ အမျိုးမျိုးဖန်တီးနေသည်ကို နိုင်ငံရေးပါတီများ၊ ပြည်သူလူထုများ အားလုံး သတိရှိစွာစုပေါင်းရင်ဆိုင်ကြပါရန် သတိပေးနှိုးဆော်လိုက်ပါသည်။

မိမိတို့အနေဖြင့် မကြာမီပေါ်ပေါက်လာတော့မည့် အရပ်သားအစိုးရသစ်နှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေး အဖြေရှာနိုင်ရန်ပြင်ဆင်ထားပြီး လက်ရှိ မြန်မာ့တပ်မတော်၏ထိုးစစ်ဆင်မှုကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားသွားမည် ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏သဘောထားကိုထုတ်ပြန်ကြေညာလိုက်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F / T.N.L.A

943972_438704339587484_7965148770730234618_n

မူရင်း PDF ဖိုင်ကို ဤနေရာတွင် 1456809108PSLFTNLA St on Bur Act of war March 2016 ဒေါင်းလော့ယူနိုင်ပါသည်။