တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော် ယနေ့တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွား မြန်မာ့တပ်မတော် ဂျက်လေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော် ယနေ့တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွား မြန်မာ့တပ်မတော် ဂျက်လေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

 

တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ မန်တုံမြို့နယ်နှင့် တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်တို့၌ ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၂ ကြိမ်ထပ်မံ ဖြစ်ပွားခဲ့သည်။

နံနက် ၁၀း၄၀ နာရီမှ နေ့လည် ၁၁း၁၇ နာရီအထိ ကွတ်ခိုင်မြို့နယ်၊ မန်ကျယ်ကျေးရွာနှင့် ကောင်းနိမ်ကျေးရွာကြား၊ နံနက် ၀၇း၀၀ နာရီမှ ၁၅း၀၀ နာရီအထိ မန်တုံမြို့နယ်၊ မန်အီကျေးရွာ အနီးတွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့နယ်၊ မန်ကျယ်ကျေးရွာနှင့် ကောင်းနိမ်ကျေးရွာကြားတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ၂ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားသည်။

မန်တုံမြို့နယ်၊ မန်အီကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အထိနာသဖြင့် နေ့လည် ၁၂း၃၀ နာရီအချိန်တွင် ၁ ကြိမ်၊ ညနေ ၁၅း၀၀ နာရီတွင် ၁ ကြိမ် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်သည် တအာင်းဒေသအတွင်း ထိုးစစ်ဆင်မှုပိုမိုပြုလုပ်ကာ ကျေးရွာအတွင်းနှင့် ပတ်ဝန်းကြင်သို့ အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့ နေ့လည် ၁၁း၅၀ နာရီတွင် မြန်မာ့တပ်မတော်သည် နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာမှ နေ၍ မန်တစ်ကျေးရွာ၊ လွယ်လောဝ်ကျေးရွာနှင့် မန်လွယ်ကျေးရွာဖက်သို့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ကာ မန်လွယ် ကျေးရွာအတွင်းသို့ တစ်ကြိမ်ကျရောက်ပေါက်ကွဲသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦးထိခိုက်မှု ရှိမရှိမသိရသေးပါ။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA