တအန်းပြည်နယ်သို့ ထပ်မံ ထိုးစစ်ဆင်တက်လာသည့် မြန်မာစစ်တပ် တပ်မ ၇၇ နှင့် တအန်းတပ်မတော် တိုက်ပွဲဖြစ်

၂၀၁၇ ခုနှစ် သြဂုတ်လ ၄ ရက်
တအာင်းပြည်နယ်၊ တပ်မဟာ ၃ နယ်မြေ၊ မန်တုံမြို့နယ်၊ မန်တုံမြို့ အရှေ့ဖက် ၃ မိုင်ကျော် အကွာ နမ္မတူ-မန်တုံကားလမ်းမပေါ်တွင် ယနေ့ နေ့လည် ၁၁း၁၅ နာရီမှ ၁၁း၄၅ နာရီအထိ နမ္မတူဖက်မှ တက်လာသည့် မြန်မာစစ်တပ် တပ်မ ၇၇ နှင့် တအန်းတပ်မတော် တပ်ရင်း ၉၉၉ တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအန်းတပ်မတော် ပစ်ခတ်သည့် RPG  ပခုံးထမ်းလောင်ချာ ထိမှန်မှုကြောင့် မြန်မာစစ်တပ်၏ စစ်ကား ၁ စီး မီးလောင်ပျက်စီး၊ ၁ စီး လမ်းအောက်ဖက် ကမ်းပါးသို့ တိမ်းမှောက်ပြုတ်ကျပြီး ၁ စီးမှာ လမ်းမပေါ်တွင် ကန့်လန့်ဖြတ် ပျက်စီးသွားခဲ့သည်။
မြန်မာစစ်တပ် တပ်မ ၇၇ သည် ယနေ့သြဂုတ်လ ၄ ရက်နေ့တွင် မန်တုံမြို့နယ်ဖက် စစ်ကား ၁၆ စီးနှင့် နမ့်ဆန်မြို့နယ်ဖက် စစ်ကား ၂၀ စီး ထပ်မံ ထိုးစစ်ဆင် အင်အားဖြည့် တက်လာခဲ့သည်။
တအန်း ပြည်နယ်အတွင်းသို့ မြန်မာစစ်တပ်၏ ထပ်မံ ထိုးစစ်ဆင် တက်လာသဖြင့် ဒေသခံပြည်သူများ တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။
သြဂုတ်လ ၃ ရက်နေ့၌လည်း တအာင်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာအနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၇၁၇ နှင့် မြန်မာစစ်တပ်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA