တအာင်း(ပလောင်) တော်လှန်ရေးတိုက်ပွဲဆင်နွှဲရသည့် အကြောင်းအရင်း

တအာင်းလူမျိုးတို့သည် ဤကမ္ဘာမြေပေါ်ရှိ အခြားလူမျိုးများနှင့်မတူသော သီးခြားလူမျိုးတမျိုးဖြစ်သည်ကို အားလုံးသိရှိထား ကြပြီးဖြစ်သည်။ ထိုအတူတအာင်းလူမျိုးတို့သည် ထိုက်သင့်သော အမျိုးသားရေး ရှင်သန် နိုးကြားမှုနှင့်လည်း ပြည့်စုံပြီး လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းလိုသည့် မျိုးချစ်စိတ် ရှိကြပါသည်။

လက်ရှိ တအာင်းလူမျိုးတို့သည် တအာင်းတောင်တန်းများပေါ် တွင် ရှေ့ပဝေသဏီ နှစ်ထောင် ပေါင်းများ စွာကတည်းကပင် ကိုယ်ထီးကိုယ်နန်းကိုယ့်ကြငှန်းဖြင့် အစဉ်အဆက်အုပ်ချုပ်ခဲ့သော တောင်ပိုင် စော်ဘွား အဆက် ၏ဆက်မှ ဒေသန္တရအုပ်ချုပ်မှုအဆင့်ဆင့်ထိ မိမိတို့နေထိုင်ရာဒေသကို စီမံအုပ်ချုပ်ခဲ့သည်။

သို့သော်လည်း တအာင်းပလောင်လူမျိုးတို့သည် မြန်မာပြည်တွင် အခြားလူမျိုးများကဲ့သို့ တအာင်းနိုင်ငံရေး လှုပ်ရှားမှုများ အစဉ်အဆက်ရှိခဲ့သော်လည်း ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်ဖြိုခွဲခံခဲ့ရပြီး နိုင်ငံရေးအရ တန်းတူ သတ်မှတ်ထား နိုင်ငံရေးရည်မှန်းချက်များ မရရှိသေးချေ။ ထိုက်သင့်သောလူဉီးရေ၊ နယ်မြေအကျယ်အဝန်း၊ သင့်တင့်သော စီးပွားရေးနှင့် ခိုင်မာသော နောက်ခံသမိုင်းကြောင်းများ ရှိသော်လည်း ယနေ့အချိန်ထိ တအာင်း (ပလောင်)ပြည်နယ် မပေါ်ပေါက်လာသေးချေ။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံသဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိခဲ့သော်လည်း ဟန်ပြ အုပ်ချုပ်ရေး ဒေသသာဖြစ်ပြီး မိမိတို့တအာင်းဒေသကို လက်တွေ့စီမံအုပ်ချုပ်ခွင့်မရရှိကြပဲ စစ်ခေါင်းဆောင် များ၏ ချယ်လှယ် မှုအောက်တွင် ရှိနေဆဲဖြစ်သည်။ ကြံ့ဖွံ့ အစိုးရ၏ ဟန်ပြဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သည့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း၊ ရေအားလျှပ်စစ်နှင့်ခြား စီမံကိန်းများကြောင့် ဒေသခံ ပလောင်ပြည်သူတို့ ဘိုးဘွားအစဉ် အဆက် ကတည်းက မှီခိုလုပ်ကိုင်စားသောက်ခဲ့ရသော လက်ဖက်ခြံမြေများ၊ လယ်ယာမြေ များ အကာအကွယ်မဲ့စွာ မတရားအသိမ်းပိုက်ခံနေကြရပါသည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှူံးရသည့်အပြင် လုပ်အား ပေးခိုင်းစေခြင်း၊ အတင်း အဓမ္မ စစ်သားစုဆောင်းခြင်း တို့ကိုလည်း ဆက်တိုက်ခံနေကြရပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် လုပ်ပိုင်ခွင့် အနည်းငယ်သာရှိပြီး၊ ဥပဒေပြုခွင့်စာရင်းတွင် စားကျက်မြေများ ထိန်းသိမ်းစောင့်ရှောက်စီမံခွင့် ဟူ၍ ထူးထူးခြားခြား ပါရှိ သော်လည်း၊ လက်တွေ့တွင်မူ ဒေသခံပြည်သူများမှာ စိုက်ပျိုးမြေများပါ အဓမ္မ သိမ်းပိုက်ခံ နေကြရပါသည်။

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိမိတို့၏ တအာင်းစာပေကို ပုံမှန်စာသင်ကျောင်းများတွင် သင်ကြားခွင့် မရရှိ သေးချေ။ လူမျိုးတမျိုး အနေဖြင့် မိမိတို့၏ ဘာသာ၊ စာပေနှင့်ယဉ်ကျေးမှုကို စံနစ်တကျ ထိန်းသိမ်းကာကွယ်မြင့်တင်ခွင့်မရှိပါက တဖြေးဖြေးနှင့်လူမျိုး ပျောက်ကွယ်သွားနိုင်ပါသည်။

နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်း ကာကွယ်မြင့်တင်ရန် တရုတ်နှင့် အခြားနိုင်ငံ များက နိုင်ငံတော်ဘတ်ဂျက်များ အသုံးပြုကူညီပံ့ပိုးပေးနေစဉ် မြန်မာနိုင်ငံတွင် တိုင်းရင်းသား တို့၏စာပေ နှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေး လုပ်ငန်းများကို ကန့်သတ်ချုပ်ချယ်နေ လျက်ရှိသည်။

အခြားတဘက်တွင်မူ PSLA ပလောင်လက်နက်ကိုင်တပ် အနေဖြင့်လည်း လက်နက်အပ် ခဲ့ရသကဲ့သို့ ပလောင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသလည်းပေါ်ပေါက်လာသဖြင့် ပလောင်ပြည်သူများ အမှန် တကယ် ငြိမ်းချမ်းရေး အရသာ၊ ဖွံ့ဖြိုးတိုးတက်မှု အရသာကို ခံစားရလိမ့် မည်ဟု ထင်မြင်ရဖွယ်ရှိပါသည်။

သို့သော်လည်း မငြိမ်းနိုင်သေးသော ပြည်တွင်းစစ်မီးများ ဆက်လက် တောက်လောင်နေဆဲ ဖြစ်သဖြင့် တအာင်း ဒေသတွင် မိဘပြည်သူများမှာ စစ်ဘေးဒါဏ်ကိုမရှုမလှခံစားနေကြရပါသည်။

တအာင်းမိဘများ၏ ရင်နှစ် သည်းခြာ သားရတနာ များကို စစ်မှုထမ်းရန် မြန်မာစစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးကာ စစ်သား စုဆောင်း လျက်ရှိသည်။ ဒေသခံများကို လုပ်အားပေးများ ခိုင်းစေကြ သည်။ ပေါ်တာဆွဲကြသည်။ ရိုက်နှက် ညင်းပမ်း နှိပ်စက်ကြသည်။ လမ်းပြအဖြစ်အတင်း အဓမ္မခိုင်းစေကြ သည်။

တအာင်းပြည်သူလူထုတို့၏ ဘဝ မည်ကဲ့သို့ ငြိမ်းချမ်းပါအုံးမည်နည်း။ ဖွံ့ဖြိုးတိုးတက်နိုင်ပါအုံးမည်နည်း။
ထိုကြောင့် ဖောက်ပြန်ကောက်ကျစ်သော မြန်မာအစိုးရနှင့် မှားယွင်းသောအုပ်ချပ်ရေးကို တော်လှန်ပစ်ရန် လိုအပ်သည်။

တအာင်းပြည်သူလူထုတို့၏ အသက်အိုးအိမ်တည်မြဲနိုင်ရန်၊ တအာင်းလူမျိုးပျောက်ကွယ် ပျက်သုဉ်း မသွားစေရန်၊ တအာင်းစာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးဆက်လက်ရှင်သန်ကြီးထွားနိုင်ရန်မှာ ထိုက်သင့်သော နယ်မြေအကျယ်အဝန်းရှိသည့် တအာင်းပြည် ပေါ်ပေါက်ရေးသည် တအာင်းလူမျိုးအတွက် မလွဲမသွေလိုအပ်ပါသည်။ ဤကဲ့သို့သော မြင့်မြတ်လှသည့်ရည်မှန်းချက်တို့ဖြင့် တအာင်း ပလောင်အမျိုးသား တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်ပါသည်။

PSLF/TNLA လက်စွဲ စာအုပ်မှ ကောက်နှုတ်တင်ပြသည်။