တအန်းပြည်နယ်သို့ ထိုးစစ်ဆင်တက်လာသည့် မြန်မာ့တပ်မတော် တပ်မ(၇၇)နှင့် တအန်းတပ်မတော်တို့ ယနေ့တိုက်ပွဲ(၃)ကြိမ် ထပ်မံဖြစ်ပွား

တအန်းပြည်နယ်သို့ ထိုးစစ်ဆင်တက်လာသည့် မြန်မာ့တပ်မတော် တပ်မ(၇၇)နှင့် တအန်းတပ်မတော်တို့ ယနေ့တိုက်ပွဲ(၃)ကြိမ် ထပ်မံဖြစ်ပွား

၂၀၁၇ခုနှစ် သြဂုတ်လ ၈ရက်

 

တအန်းပြည်နယ်၊တပ်မဟာ(၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ခေးခင်ကျေးရွာနှင့် မန်ဝဲကျေးရွာကြားတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း(၉၁၉)နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ ယနေ့နံနက်ပိုင်း (၇း၃၀)နာရီမှ (၈း၃၀)နာရီထိတစ်ကြိမ်၊ (၈း၅၀)နာရီမှ (၉း၄၅)နာရီထိ တစ်ကြိမ် တစ်နေရာတည်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၀၇း၃၅ နာရီအချိန်တွင် တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ မြိုင်ကျေးရွာနှင့် ကျောက်ဖြူကျေးရွာကြားတွင် တအာင်းတပ်မတော် တပ်ရင်း ၄၃၄ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တအန်းပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော် တပ်မ ၇၇ စစ်အင်အားထပ်မံ ထိုးစစ်ဆင်လာသည့် သြဂုတ်လ၌ တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက် ထိတွေ့ တိုက်ခိုက်မှု ၇  ကြိမ် ရှိပြီး ဖြစ်သည်။

မန်တုံမြို့နယ်တွင် မြန်မာ့တပ်မတော်မှ မြို့တွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစစ်ဆေးလျက်ရှိပြီး သြဂုတ်လ ၇ ရက်နေ့တွင် ည ၂၀း၀၀ နာရီ အပြင်မထွက်ရအမိန့် ထုတ်ထားသည်။ မြို့ဝင်မြို့ထွက် ခရီးသွားပြည်သူများလည်း စစ်ဆေးလျက်ရှိပြီး ပြည်သူများ ခရီးသွားလာမှု မ၀ံ့မရဲ ဖြစ်နေသည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA