“TNLA လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ” ဟူ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စွပ်စွဲထုတ်ပြန်ခြင်းအပေါ် ရှင်းလင်းထုတ်ပြန်ခြင်း

“TNLA လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ” ဟူ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စွပ်စွဲထုတ်ပြန်ခြင်းအပေါ် ရှင်းလင်းထုတ်ပြန်ခြင်း

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် မြ၀တီသတင်းဌာနမှ  အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် “ လာရှိုးမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးသိမ်းဆီးရမိ ” ဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စွပ်စွဲ သတင်း ထုတ်ပြန်ခဲ့ပါသည်။

အထိုပါသတင်းတွင် “ လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။” ဟု ဖော်ပြပါရှိပါသည်။

အဆိုပါသတင်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၉ ရက်တွင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သည် လာရှိုးမြို့နယ် လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာ ၀န်းကျင် အတွင်း လှုပ်ရှားသွားလာမှုမရှိသကဲ့သို့ တိုက်ပွဲ ဖြစ်ပွားမှုလည်းမရှိခဲ့ပါ။ ပြီးခဲ့သည့် စက်တင်ဘာလ၌သာ လားရှိုးမြို့နယ် မိုင်းယော် ဒေသတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ရှိခဲ့ပါသည်။

သို့ဖြစ်ပါ          ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် မြ၀တီသတင်းဌာနက စွပ်စွဲ သတင်းထုတ်ပြန်ချက်ပါ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများသည် မိမိ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပတ်သက်မှု လုံးဝ မရှိပါ။ သတင်းဓါတ်ပုံပါ လက်နက်ငယ်အချို့သည် စက်တင်ဘာ ၁၇ ရက်နေ့ နမ့်ဆန်မြို့နယ် အတွင်းတွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ် ကတည်းကပင် တအန်းတပ်မတော်မှ ဆုံးရှုံးသွားသော လက်နက်ငယ်များဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ် မိုင်းယော်ဒေသ၌ တအန်းတပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားသည်ဟု ဆိုကာ မြန်မာ့တပ်မတော်မှ အပြစ်မဲ့ရွာသား ၇ ဦးသတ်ဖြတ်ကာ TNLA စစ်ယူနီဖောင်း ၀တ်ဆင်မြေမြှုပ်ပေးခဲ့ပြီး TNLA ဟု သတင်းထုတ်ပြန်ခဲ့ဖူးသည်။ နောက်မှ စုံစမ်းဖော်ထုတ်ချက်အရ အပြစ်မဲ့ ပြည်သူဖြစ်သဖြင့် မြန်မာ့တပ်မတော် အရာရှိအပါအ၀င် ပါဝင်ပတ်သက်သူများ အရေးယူ ခံရခဲ့ဖူးသည်။

 

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA