ပြည်နယ်သစ်… ပြည်ထောင်စု ပြိုကွဲရေးလော.. ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေးလော..

‘၀’ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘၀’ ပြည်နယ်….

၂၀၁၅ ခုနှစ် မေလဆန်းပိုင်းတွင် ‘၀’ ပြည်နယ် ပန်ဆန်းမြို့၌ ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့စည်းများ ထပ်သီးအစည်းအသေးတွင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ဦးပေါက်ယူချန် ဦးဆောင်ပြီး ‘၀’ ကိုယ်စားလှယ် ခေါင်းဆောင်များက ယင်းတို့ဌာနေ ဒေသအား ပြည်နယ် အဆင့် အသိအမှတ် ပြုပေးကြပါရန် တိုက်တွန်းတောင်ဆို မေတ္တာရပ်ခံခဲ့သည်။

ယခင့် ယခင် တိုင်းရင်းသားများ၏ တွေ့ဆုံပွဲ၊ အစည်းအဝေးပွဲများ၊ မီဒီယာများတွင်လည်း ‘ပြည်နယ်’ ရရှိလိုကြောင်း ‘၀’ ကိုယ်စားလှယ် ခေါင်းဆောင်များ ရိုးသားပွင့်လင့်စွာ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
‘၀’ ခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်းချက်မှာ ခိုင်မာသည်။ ‘၀’ ပြည်နယ် မရမချင်း တောင်းဆိုကြိုးပမ်းသွားမည်။ အကယ်၍ အခြားသူက လက်မခံ/အစိုးရက လက်မခံလျှင်လည်း ယခုလက်ရှိ ‘၀’ ပြည်နယ်အစိုးရ ဟူသော ‘၀’ ပြည်သူလူထုတို့ အသိအမှတ်ပြုထားသည့် လက်ရှိနိုင်ငံရေး အဆင့်အတန်းအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဆိုပါသည်။

‘၀’ ပြည်နယ် ပေါ်ပေါက်ရေးအတွက် မည်သို့သော အခက်အခဲမျိုးကိုမဆို မကြောက်မ၀ံ့ ရင်ဆိုင်ရန် ‘၀’ ခေါင်ဆောင်များ နှင့် ‘၀’ ပြည်သူလူထုတို့က အသင့်ရှိသည်။

ပြည်နယ်အဆင့် တောင်းဆိုသင့်သည့် သမိုင်းအကြောင်း ခိုင်မာမှု၊ နယ်မြေ၊ စီးပွားရေး၊ လူမျိုး စုစည်းညီညွတ်မှု အစရှိသည့် အမျိုးသား ၀ိသေသ လက္ခဏာများအားလုံး ‘၀’ အမျိုးသားများတွင် ထိုက်သင့်စွာ ရှိပြီးဖြစ်သည်။ မြန်မာအစိုးရ၏ အဓိက ပြည်ထောင်စု လမ်းမကြီး လှိုင်းထချိုင့်ခွက် ပေါက်နေသည့် ယနေ့ကာလတွင် တရုတ်နယ်စပ်မှ သံလွင်မြစ်ထိ မြင့်မားသော ‘၀’ တောင်တန်းများတွင် ခေတ်မီသော နိုင်လွန် ကတ္တရာ လမ်းများပေါ် လွယ်ကူချောမွေ့စွာ ဆက်သွယ်သွားလာနိုင်သည် အထိ ဖွံ့ဖြိုးသည်။

ချောက်ကမ်းပါးကျလု ပြည်ထောင်စု ကယ်တင်ရှင်နှင့် ‘၀’ ပြည်နယ် ကန့်ကွက်သူများ

‘၀’ ခေါင်းဆောင်များ၏ ‘၀’ ပြည်သူလူထု ဆန္ဒအရ ပြည်နယ်အဆင့် တောင်းဆိုမှုကို အသိအမှတ်ပြုခြင်းထက် ကန့်ကွက်သူ၊ ရှုတ်ချသူ၊ ခါးခါးသီးသီး ငြင်းဆန်သူ အတော်များပါသည်။ ‘၀’ ပြည်နယ် တောင်းဆိုခြင်းကြောင့် ပြည်ထောင်စုကြီး ပြိုကွတြော့မည်ဟု မြန်မာစစ်လောဘီများ၏ ခါးသီးသည့် တဖကတ်သတ် သဘောထားများ နှင့် အတူ ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်အချို့၊ ပါတီအချို့နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့၏ ကန့်ကွက်မှု များမှာလည်း အစီအရီ ပေါ်ထွက်လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတွင် ‘၀’ ပြည်နယ် သတ်မှတ်ပေးလိုက်ခြင်းကြောင့် ပြည်ထောင်စုကြီး အမှန်တကယ် ပြိုကွဲသွားပါမည်လော။

‘၀’ ပြည်နယ် အသိအမှတ်ပြု လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ယူကရိန်းကဲ့သို့ ခရိုင်းမီးယား ပဋိပက္ခ ဖြစ်သွားပါ မည်လော။

ထိုးစိုးရိမ်မှုများ အားလုံးသည် မိုးပြိုမှာစိုး၍ ခြေကန်ထားသည့် လုပ်ရပ်… အတွေးအခေါ်… နိုင်ငံရေးထွင်လုံး ဟု ရိုးသားစွာ ရှုမြင်ပါသည်။

ပြည်ထောင်စုကြီး ချောက်ကမ်းပါးသို့ မကျမီ လက်တကမ်းအလို မြန်မာ့တပ်မတော်က ကယ်တင်လိုက်ရသည် ဟူသော နိုင်ငံရေး လိမ့်လုံးကြီးအလား ဓါတ်ပြားဟောင်းကြီးပင် ဖြစ်သည်။

ပြဿနာ မဟုတ်သည့်အရာကို ပြဿနာကြီး တစ်ရပ်အားပုံဖော်ပြီး လူထုထောက်ခံမှုကို လှည့်ဖြား ရယူလိုသည့် အကြောင်းပြချက်များပင် ဖြစ်သည်။

မြန်မာစစ်ခေါင်ဆောင် အဆက်ဆက်တို့ စစ်အာဏာရှင်နည်းဟန် သဏ္ဍာန်ပေါင်းစုံ ဖျက်ဆီးမှုကြောင့် ဒါဏ်ရာဗလာပွ ဖြစ်နေသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဒါဏ်ရာဒါဏ်ချက်များကို ဖြစ်နိုင်သမျှခေတ္တ မေ့ပျောက်ကျော်လွှား သွားနိုင်ရန်အတွက် ပြည်ထောင်စု ပြိုကွဲတော့မည့် ‘၀’ ပြည်နယ်ခွဲထွက်မှုဟူ၍ ဇာတ်နာအောင် ဗီလိန်ထုနေခြင်း ဖြစ်သည်။

‘၀’ ပြည်နယ် တောင်ဆိုးခြင်းသည် လွတ်လပ်ရေး နောက်ပိုင်းပေါ်ထွက်လာသည့် ရှမ်းပြည်နယ်မှ ခွဲထွက်မှုတစ်ခုသာ ဖြစ်သည်။ ပြည်ထောင်စု၏ နယ်နမိတ်အတွင်း နိုင်ငံရေး အဆင့်တစ်ခု ရပ်တည်ခြင်းသာ ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံမှ လုံးဝခွဲထွက်မည် မဟုတ်ဟု ‘၀’ ခေါင်းဆောင်များ အကြိမ်ကြိမ် ကတိပေးပြီး ဖြစ်သည်။ ပြည်ထောင်စု အစိုးရအောက် တိုက်ရိုက်ဆက်သွယ်ခွင့် ပြည်နယ်သစ်တစ်ခု တောင်းဆိုခြင်း ဖြစ်သည်။ အခြားလူမျိုးများ နှင့် နိုင်ငံရေး တန်းတူခွင့် အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာ နိုင်ငံရေးနည်းလမ်းအရ ပြဿနာ ဖြေရှင်းခြင်းကို လက်တွေ့ လုပ်ဆောင်ခြင်း ဖြစ်သည်။

ပြည်နယ်သစ် နှင့် ဒီမိုကရေစီ အခြခံအခွင့်အရေး

ဒီမိုကရေစီ အုပ်ချုပ်ပေးစန်စသည် အများပြည်သူလူထု၏ ဒီမိုကရေစီ အခြေခံ အခွင့်အရေးများကို အုပ်စု၊လူမျိုးစုမှ လူတစ်ဦးချင်းစီအထိ ဖြန့်ကျက်ခွဲဝေ အပ်နှင်းထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြည့်ဝသည့် ဒီမိုကရေစီ အနှစ်သာရများ ပိုမိုရရှိခံစား နိုင်ရန်အတွက် ဒေသတူ/လူမျိုးတူ အုပ်စုများကို သတ်မှတ်ထားသည့် ဒီမိုကရေစီ အာဏာများ၊ ခွဲဝေကျင့်သုံးသည့် ပြည်ထောင်စု စနစ်ကို ဖောင်ဆောင်ကြသည်။

ပြည်ထောင်စုစစ်စစ် ကျင့်သုံးခြင်းသည် လူတဦးချင်းစီ၏ ဒီမိုကရေစီ အခွင့်အရေး၊ ဒေသတူ/လူမျိုးတူ အုပ်စုများ၏ ဒီမိုကရေစီ အခွင့်အရေးတို့ကို ပိုမိုလေစား အသိအမှတ်ပြုခြင်း ဖြစ်သည်။ နိုင်ငံအတွက် ပြည်ထောင်စု တစ်လုံးအတွက် အရေးကြီးသည့် အာဏာအနည်းငယ်ကိုသာ ဗဟိုအစိုးရ/ ပြည်ထောင်စု အစိုးရက စီမံကျင့်သုံးခြင်း ဖြစ်သည်။

နိုင်ငံသားတဦးချင်း နိုင်ငံတွင်းရှိ လူမျိုးတစုချင်းစီ၏ ဒီမိုကရေစီ အခွင့်အရေးများကို အပြန်အလှန် အသိအမှတ်ပြု လေးစားခြင်းသည် နိုင်ငံတည်ငြိမ်မှု၊ ပြည်ထောင်စုကြီးဖွံ့ဖြိုးမှုဆီသို့ ဦးတည်ခြင်းဖြစ်သည်။

လူမျိုးတူ/ ဒေသတူ အများပြည်သူတစ်စု၏ ပြည်နယ်သစ် တောင်းဆိုခြင်းသည် ပြည်ထောင်စုတွင်း ဒီမိုကရေစီ အခွင့်အရေး တစ်ရပ် ကျင့်သုံးခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း ကဲ့သို့ ကြီးမားသည့် နယ်နမိတ်ဒေသအတွက် သက်ဆိုင်ရာ ဒေသခံလူထုများ၏ အုပ်ချုပ်ရေး ကိစ္စရပ်များ လွယ်ကူချောမွေ့ပြီး ဒီမိုကရေစီအခွင့်အရေးများ ပိုမိုရရှိစေရန် ပြည်နယ်သစ်များ ဖန်တီးရန်လိုပါက လက်ခံဖောင်ဆောင်ရပါမည်။

၁၃ ပြည်နယ် အခြေခံပြီး ပြည်ထောင်စုနိုင်ငံဖြစ်လာသည့် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံသားများ၊ နိုင်ငံတွင်းရှိ လူမျိုးတူ အလုပ်စုများ၏ ဒီမိုကရေစီ အခွင့်အရေးများ ပိုမိုအလေးပေး ဖော်ဆောင်ကျင့်သုံး နိုင်ရန်အတွက် ပြည်နယ်သစ်များစွာ ဆက်တိုက်မွေးဖွားခွင့်ပြုခဲ့သည်။ ပြည်နယ် ၅၀ ကျော်ရှိသည့် အမေရိန်ကန် ပြည်ထောင်စုသည် ပြိုကွဲခြင်းမရှိခဲ့ပါ။

ပြည်ထောင်စု ပြိုကွဲခြင်းမှ ကာကွယ်နိုင်ရန်အတွက် စစ်တပ်အာဏာသိမ်းခြင်း မရှိဖူးပါ။

ပြည်ထောင်စုအတွင်း ပြည်နယ်ဖွဲ့စည့်းပုံ နှင့် ပြည်တွင်းစစ်မီး နှစ် ၆၀

ပြည်ထောင်စုနိုင်ငံ အတူတကွ တည်ဆောက်ရန်အတွက် မြန်မာ-ဗမာခေါင်ဆောင်များနှင့် တိုင်းရင်သား ခေါင်းဆောင်များ သဘောတူညီပြီး ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးယူခဲ့ကြသည်။ သို့သော် တိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံသသောတူညီချက်များမှာ မြန်မာခေါင်းဆောင်များ၏ နိုင်ငံရေး အာဏာရူးသိပ်မှု၊ မဟာလူမျိုးကြီး တည်ဆောက်မှုအော် ပြည်တွင်းစစ်မီး တောင်လောင်ဆဲ ဖြစ်သည်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကရင်ပြည်နယ် ပေါ်ပေါက်ရန်အတွက် စောဘဦးကြီး ဦးဆောင်သည့် ကရင်လက်နက်ကိုင်တော်လှန်ရေး စခဲ့ရသည်။ မွန် ပြည်နယ်ရရှိရန်အတွက် မွန် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားခဲ့ရသည်။

ဟန်ပြ ပြည်ထောင်စု မြန်မာနိုင်ငံအောက် ရှိထားသည့် ပြည်နယ်များက ပြည်နယ်အခွင့်အရေး ရရှိရန် တိုင်းရင်းသားပေါင်းစုံ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ကြရသည်။ နိုင်ငံရေး ဇာတ်ခုံတွင် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ပြည်နယ်ရရှိရေး တန်တူရေးများ ဖွင့်ဟပြောဆို ညှိနှိုင်းခွင့် မရခဲ့ပါ။ လက်မခံခဲ့ပါ။

မြန်မာ-ဗမာတိုင်းရင်းသားများနှင့် မြန်မာမဟုတ်သည့် တိုင်းရင်းသားပေါင်းစုံတို့ နှစ်ခြောက်ဆယ်ကျော် အပြန်အလှန်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသည်။ လက်ရှိအချိန်ထိ တိုက်ခိုက်သတ်ဖြတ် နေကြရသည်။

အဘယ်ကြောင့် အခြားလူမျိုးများ၏ နိုင်ငံရေးအခွင့်အရေးကို အလုံးစုံ ထိန်းချုပ်လိုပါသနည်း။

ပြည်နယ်အဆင့် သတ်မှတ်မှုစံချိန်မီသည့် လူမျိုး၊ ဒေသကို ပြည်နယ်အဆင့်တိုးမြှင့် သတ်မှတ်ပေးခြင်းဖြင့် ဒီမိုကရေစီ အခွင့်အရေးများ လက်တွေ့ဖောင်ဆောင်ကာ နိုင်ငံရေးပဋိပက္ခများ၊ ပြည်တွင်းစစ်မီးများ အဘယ်ကြောင့် မရပ်တန့် နိုင်ပါသနည်း။

ထိုကဲ့သို့ မဟာလူမျိုး၊ မဟာဒေသတိုင်းပြည် ဆန္ဒစွဲများ တရားသေလက်ကိုင်ထားပါက ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးသည် မည်သည့်အခါမှ ငြိမ်းသတ်ရပ်တန့် နိုင်မည်မဟုတ်ပါ။

ပြည်နယ်သစ် တောင်းဆိုတိုင်းသာ ပြည်ထောင်စုကြီး ပြိုကွဲမည်ဆိုလျှင် ဘာကြောင့် ပြည်ထောင်စုကြီး တည်ဆောက်ရန် လိုအပ်အုံးမည်နည်း။

ပြည်နယ်သစ် တောင်းဆိုရန်အတွက် လက်နက်ကိုင် တပ်မတော်တည်ထောင်မှ လက်နက်ကိုင်တော်လှန်းရေး လုပ်မှ ရရှိမည်ဆိုလျှင် ထိုပြည်ထောင်စုသည် အဘယ်မှာ ငြိမ်းချမ်းနိုင်ပါမည်နည်း။

မြန်မာပြည်၏ ပြည်တွင်းစစ်မီးကို အမှတ်တကယ် ငြိမ်သတ်နိုင်ရန် ပြည်နယ် အခွင့်အရေးများကို အသိအမှတ်ပြု ဖော်ဆောင်ရန် လိုပါသည်။ ပြည်ထောင်စု စစ်စ်ဖြစ်ရန် လိုပါသည်။

ပြည်နယ် အရည်အချင်း သတ်မှတ်ချက် ပြည့်မိသည့် လူမျိုး-ဒေသအတွက် ပြည်နယ်သစ်များ ဖော်ဆောင်ရန် လိုအပ်သည။ ပြညန်နယ်သစ်တောင်းဆိုမှုကို လက်တွေ့ကျကျ စီစစ်ပြီး လက်ခံ အသိအမှတ်ပြုရန် လိုအပ်သည်။ နိုင်ငံရေး အခင်းအကျင်းသစ်ကို လက်ခံအသိအမှတ် ပြုရန် လိုပါသည်။

ဘုန်းကျော်(လက်ဖက်မြေ)
၂၀၁၅ ၀၅၊ ၂၇။

 

ပြည်နယ်သစ်… ပြည်ထောင်စု ပြိုကွဲရေးလော.. ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေးလော.. ဆောင်းပါးကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။