PSLF အကြောင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – မိတ်ဆက်

၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ သေနတ်ကိုင်တပ်ရင်းကို ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်မတော် PSLA အဖြစ် ၁၉၇၆ ခုနှစ်တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌ တာခွန်သောင်း၏ ဦးဆောင်မှုအောက်တွင် ပလောင်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်ဓါတ်ကို ခိုင်မာစွာ စည်းရုံး လှုံ့ဆော်နိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး လမ်းစဉ်များကို မှန်ကန်စွာချမှတ်ကျင့်ဆောင်နိုင်ခဲ့သည်။ သို့သော် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်သည် နဝတ စစ်တပ်၏ ဖြတ်လေးဖြတ်အပါဝင် နည်းမျိုးစုံပြင်းထန်စွာ  ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၁၉၉၁ ဧပြီလ (၂၁)ရက်နေ့တွင် နဝတနှင့်အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ရပါသည်။ ထို့နောက် နဝတ တဖြစ်လည်း နအဖ စစ်အုပ်စုက ကောက်ကျစ်သည့် နည်းပရိယာယ် အမျိုးမျိုးဖြင့် အင်အားသုံး ဖိအားပေးမှုကြောင့် ၂ဝဝ၅ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် လက်နက်အပ်ခဲ့ရပါသည်။

နအဖ ဖက်ဆစ်စစ်ဝါဒီတို့သည် နည်းလမ်းအမျိုးမျိုးသုံးကာ ပလောင်အမျိုးသားတို့၏ လက်နက်ကို ရုပ်သိမ်းနိုင်ခဲ့သော်လည်း၊ ပလောင်အမျိုးသားတို့၏ အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်သော စိတ်ဓါတ်ကား ပလောင်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။ PSLA အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုတွင် အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ်စေလွှတ်ထားသော ပလောင်လက်နက်ကိုင်တပ်ဖွဲ့သည် ပလောင်ဒေသရှိ မိခင်အဖွဲ့အစည်းသို့ မပြန်တော့ဘဲ မာနယ်ပလောတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် တော်လှန်ရေး အင်အားစုများ၏ အကူအညီဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ကို ဖွဲ့စည်းကာ ပလောင်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့နောက်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)၏ ကူညီ ပံ့ပိုးပေးမှုအောက်တွင် PSLF တပ်ဖွဲ့ဖြင့် WNA အဖွဲ့အစည်းနှင့်အတူ စစ်ရေးလုပ်ငန်းများကို ယနေ့အထိပူးတွဲလှုပ်ရှားလာခဲ့ပါသည်။

နောက်ပိုင်းတွင် လက်နက်ကိုင်လှုပ်ရှားမှုကို ပလောင်ဒေသ အတွင်းဝင်ရောက် လှုပ်ရှားနိုင်ရန်အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် ယခင် PSLA စစ်ဦးတားညီလုံနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကို ၂ဝဝ၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းလှုပ်ရှား ခဲ့ပါသည်။ သို့သော် တားညီလုံ ကွယ်လွန်သွားပြီးနောက် အခက်အခဲအမျိုးမျိုးကြောင့် ပလောင်တပ်ဖွဲ့လုပ်ငန်းများ မျှော်မှန်းသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ချေ။

တအန်း(ပလောင်)ဒေသကို လက်တွေ့ကာကွယ်နိုင်ရန်အတွက် ပလောင်တပ်ဖွဲ့တဖွဲ့မှာမရှိမဖြစ် လိုအပ်သည့် အခြေအနေ ဖြစ်လာသောကြောင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ တွင်ကျင်းပသည့် တပ်ဦး၏တတိယအကြိမ် ညီလာခံ၌ PSLA တပ်မှူး ကြီးများ အချို့နှင့်စုစည်းကာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် Ta-ang National Liberation Army (TNLA) ကို အတည်ပြုဖွဲ့စည်း ခဲ့ကြပါသည်။

၂ဝ၁၁ခုနှစ် အောက်တိုဘာလတွင် တအန်းလူငယ်များကိုစုစည်းပြီး ကေအိုင်အေ တပ်မဟာ( ၃ )ရှိ ဝါရာဘုမ်တွင် စစ်ပညာများစတင်လေ့လာ ရယူကာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ်မှ တအန်းဒသအတွင်းသို့ ခရီးရှည်ချီတက်ခဲ့ပြီး တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို လက်တွေ့အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

နိုင်ငံရေးဦးတည်ချက်

(က) တအာင်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး

(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး

(ဂ) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး

လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ်

(က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေးလုပ်ငန်းစဉ်

၁။ တအာင်းပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ကာနည်းလမ်းသဏ္ဌာန်ပေါင်းစုံဖြင့် အမျိုးသားလွတ်မြောက် ရေး လုပ်ငန်းစဉ်များကို ချမှတ်အကောင် အထည်ဖော်သွားမည်။

၂။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ အစရှိသည့် အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့် မဟာမိတ်ပြုကာ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်။

၃။ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရအာမခံမှုရှိသည့် တအာင်းပြည်နယ်ရရှိရေး အတွက် တအာင်း ပြည်သူ တရပ်လုံးကို စည်းရုံးလှုံ့ဆော်ကြိုးပမ်းဆောင်ရွက်သွားမည်။

၎။ တော်လှန်ရေးအင်အားစုများနှင့် အတူပူးပေါင်းကာ မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအား နည်းလမ်း ပေါင်းစုံဖြင့်ဖိအားပေးပြီး စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားမည်။

၅။ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေးအတွက် နိုင်ငံတကာ အကူအညီအထောက် အပံ့များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

(ခ) အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်

၁။ အမျိုးသားလွတ်မြောက်ရေးအတွက် တရားမျှတသောတော်လှန်ရေးတိုက်ပွဲကို တအာင်းပြည်သူ တရပ်လုံးက နားလည် သဘောပေါက်သက်ဝင်ယုံကြည်လာပြီး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက် သွားမည်။

၂။ မိမိတို့တအာင်းပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုအတွင်း မဟာလူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်း သော အမျိုးသား ရေးဝါဒီကိုဆန့်ကျင် တိုက်ခိုက်သွားမည်။

၃။ စစ်အုပ်စုသွေးခွဲမှုကြောင့် ရပ်တည်ချက်အမြင်အမျိုးမျိုးကွဲပြားနေသော တအာင်းဒေသအတွင်းရှိ အဖွဲ့အစည်းအသီးသီးတို့ကို စည်းရုံးလှုပ်ရှားကာ ပလောင်အမျိုးသားလွတ်မြောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်။

၎။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မြန်မာစစ်အုပ်စု၏ သွေးခွဲဝါဒဖြန့်မှုများကို ဆန့်ကျင် တိုက်ဖျက်သွားပြီး၊ စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တော်လှန်ရေးအင်အားစုများနှင့် အတူပူးပေါင်း ဆောင်ရွက်သွားမည်။

၅။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အာမခံပေးနိုင်သည့် ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်။

(ဂ) နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေးလုပ်ငန်းစဉ်

၁။ တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် သိပ်သည်းကျစ်လစ်ပြီး အရည်အချင်းရှိသောတပ်ဦး ဖြစ်လာစေရန် တည်ဆောက်မည်။

၂။ စည်းရုံးရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ကြံ့ခိုင်သောအဖွဲ့အစည်းတရပ်ဖြစ် လာစေရန် တဆင့်ပြီးတဆင့် စနစ်တကျ တည်ဆောက်မည်။

၃။ ဒီမိုကရေစီကျင့်စဉ်ကိုအခြေခံ၍ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင်အထည်ဖော်ပြီး နိုင်ငံရေးအရ စည်းလုံး ညီညွတ်သော အဖွဲ့အစည်းတရပ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

တပ်ဦး၏ နိုင်ငံရေးရပ်တည်ချက်

တပ်ဦးသည် တအာင်းလူမျိုးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေ ယဉ်ကျေးမှု အစရှိသည့် ကဏ္ဍအသီးသီး တိုးတက်ဖွံ့ဖြိုးရေးအတွက် ဒီမိုကရေစီနည်းလမ်းအတိုင်း အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်သွားမည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက်ရာတွင် တအာင်းအမျိုးသားထု တရပ်လုံးအတွက်သော်လည်းကောင်း၊ တအာင်းဒေသတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုး ပေါင်းစုံအတွက်သော်လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် အမျိုးသားတန်းတူ ရေးကို အခြေခံထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်။ ထိုကဲ့သို့ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ပြည်သူလူထုအားဖိနှပ်ချုပ်ချယ်သောအာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးအတွက် တစိုက်မတ်မတ်ဦးတည်ဆောင်ရွက်သွားမည်။

တအာင်းအမျိုးသားတို့၏ စာပေယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး၊ နယ်မြေအစရှိသည်တို့ကို ကာကွယ်စောင့်ရှောက် ထိန်သိမ်းမြှင့်တင်နိုင်ရန် ထိုက်သင့်သည့်နယ်မြေအကျယ်အဝန်းရှိသော တအာင်း ပြည်နယ်ကိုဖွဲ့စည်းထူထောင်ကြရမည်။ ထိုကဲ့သို့ သော တအာင်းပြည်နယ်ကို ဖွဲ့စည်းထူထောင်ရာတွင် နယ်မြေချင်းဆက်စပ်နေထိုင်လျှက်ရှိသော အခြားတိုင်းရင်းသား လူမျိုးများ – အထူးသဖြင့် ရှမ်းလူမျိုးများနှင့် နားလည်မှုများမပျက်ပြားစေဘဲအပြန်အလှန်လေးစားအသိအမှတ်ပြုမှုရှိသည့် နည်းလမ်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

တပ်ဦး၏တော်လှန်ရေးတိုက်ပွဲသဏ္ဌာန်

အဖိနှိပ်ခံပြည်သူဖက်မှ အစဉ်တစိုက်ရပ်တည်သောတပ်ဦးသည် လူသားမဆန်ပဲအကြမ်းဖက် ဖိနှိပ်အုပ်ချုပ် နေသော စစ်အာ ဏာရှင်ကိုလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲသဏ္ဌာန်ဖြင့် အဓိကထားဆန့်ကျင် တိုက်ခိုက်သွားမည်။ တပ်ဦး၏ နိုင်ငံရေးဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော တအာင်းအမျိုးသားလွတ်မြောက် ရေး တပ်မတော်၏ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲကို တပ်ဦး၏ နိုင်ငံရေး၊ စည်းရုံးရေး၊ သံတမန်ရေး တိုက်ပွဲသဏ္ဌာန်များဖြင့် ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်သွားမည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် စပ်လျဉ်းသည့် သဘောထား စစ်အာဏာရှင်တို့၏ မတရား ဖိနှိပ်အုပ်ချုပ်မှုမှ လွတ် မြောက်ရန်အတွက်နှင့် တိုင်းရင်းသားလူမျိုးတို့၏ အမျိုးသားတန်းတူညီမျှရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသည် တရားသော တော်လှန်ရေးဖြစ်သည်။ ဘုံရန်သူ စစ်အာဏာရှင်နှင့် စပ်လျဉ်းသည့် သဘောထား မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို ဆင်းရဲအတိ ဒုက္ခဖြစ်အောင် နည်းလမ်းပေါင်းစုံဖြင့် ရက်စက် ဖိနှပ်ချုပ်ချယ်သည့် မြန်မာစစ်အုပ်စုသည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သည်။ တပ်ဦး၏ ဦးစားပေး တိုက်ဖျက်ရမည့် ရန်သူဖြစ်သည်။

၂ဝဝ၈ မေလတွင် အတည်ပြုခဲ့သော စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် စပ်လျဉ်းသည့်သဘောထား

၂ဝဝ၈ ခုနှစ် မေလလူထုဆန္ဒခံယူပွဲသည် တရားမျှတမှုလုံးဝမရှိခြင်း၊ နိုင်ငံတကာစောင့်ကြည့် လေ့လာရေး အဖွဲ့များ မပါရှိခြင်း၊ နအဖ စစ်အုပ်စုတို့၏ လူထုဆန္ဒကို မသမာသည့်နည်းလမ်းပေါင်းစုံဖြင့် တဖက်သတ် အနိုင်ယူခဲ့ခြင်းသာဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ သည်ဟု ကြေညာသော်လည်း ထိုရလဒ်အဖြေမှာ မည်ကဲ့သို့ မှတရားဝင်မည် မဟုတ်ပေ။

၂ဝဝ၈ ခုနှစ် မေလတွင် အတည်ပြုခဲ့သော စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းတာကျင့်သုံးခဲ့လျှင် စစ်အာဏာရှင်တို့အား မြန်မာပြည်ကို တရားဝင်အုပ်ချုပ်ခွင့်ရသည့် အာဏာရှင် အစိုးရအဖြစ် အသိအမှတ်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် ပြည်သူလူထုတို့၏ လူနေမှုဘဝမှာ လက်ရှိအခြေအနေထက်များစွာ ဆိုးရွားနိမ့်ကျသွားမည်ဖြစ်ပြီး မြန်မာပြည်ကြီးသည်လည်း ပျက်ဆီးမှု အလုံးစုံသို့ ဆက်တိုက်ကျရောက်သွားမည်ဖြစ်သည်။

 

တအန်း (ပလောင်)ဒေသ စီးပွားရေးနှင့် စပ်လျဉ်းသည့် သဘောထား

နိုင်ငံရေးပြဿနာအပေါ်အခြေခံ၍ အာဏာရှင်များ၏ဖိနှိပ်ချုပ်ကိုင် ထားမှုကြောင့် တအာင်းဒေသအတွင်း လွတ်လပ်စွာ ကုန်သွယ် ရောင်းဝယ်ခွင့်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့်များ မရရှိကြပဲ အာဏာရှင်များ၏ လက်ဝါးကြီးအုပ်စီးပွားရေးပေါ်လစီ အောက်တွင် တအာင်းပြည်သူများ၏ စီးပွားရေးအခြေအနေမှာ အနိမ့်ကျဆုံးအဆင့်သို့ ကျရောက်လျှက်ရှိသည်။ တအာင်းဒေသအတွင်း စီးပွား ရေး ခိုင်မာတောင့်တင်း လာစေရန်အတွက် ပွင့်လင်းမြင်သာသော ဒီမိုကရေစီအုပ်ချုပ်မှုတွင် လွတ်လပ်စွာ ကုန်သွယ်ရောင်း ဝယ်ခွင့်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့်နှင့် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရန်အတွက် အထူး ဆောင်ရွက်ရန် လိုအပ်သည်။ တအာင်းဒေသ သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် နှင့် စပ်လျဉ်းသည့်သဘောထား တအာင်းဒေအတွင်းရှိ သဘာဝအရင်းအမြစ်များ၏ မူလပိုင်ရှင်သည် ဒေသခံပြည်သူလူထုများသာ ဖြစ်သော

ကြောင့် သဘာဝအရင်းအမြစ်နှင့်ပတ်သက်၍ စီမံခန့်ခွဲပိုင်ခွင့်သည်လည်း တအာင်းဒေသခံ မိဘပြည်သူများ သာဖြစ်သည်။ တအာင်းဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်သည် ပြည်သူလူထု တရပ်လုံးက စုပေါင်း ထိန်းသိမ်းရမည့်တာဝန်ဖြစ်ပြီး အုပ်ချုပ်သူများမှ ပြည်သူလူထုတို့၏ ဆန္ဒနှင့်အညီ စည်းမျဉ်းဥပဒေများ ပြဌာန်းကာကွယ်ပေးရမည်။

တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး နှင့် စပ်လျဉ်းသည့် သဘောထား

မူးယစ်ဆေးဝါးသည် တအာင်းအမျိုးသားတရပ်လုံး၏ အဓိကရန်သူ တခုဖြစ်ပြီး တအာင်းဒေသတွင်း မူးယစ် ဆေးဝါး အမြစ်ပျက်ပပျောက်သွားစေရန်အတွက် ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည်။ စစ်အာဏာရှင်အုပ်စု အဆက်ဆက်သည် ၄င်းတို့၏အကျိုးစီးပွါးနှင့် အာဏာရှင်စနစ်တည်မြဲရေးအတွက် တိုင်းရင်းသားများ နေထိုင်ရာဒေသများ၌ မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သုံးစွဲမှုများကို နည်းအမျိုးမျိုးဖြင့် ခွင့်ပြုထားခြင်းဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်ပါဝင်ပတ်သက်၍သော်လည်းကောင်း ပါဝင်ပတ်သက်နေကြပါသည်။

သို့ဖြစ်ပါ၍ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်စိုက် ပျိုးထုတ်လုပ်သုံးစွဲသည့် ပြဿနာများ ကျဆင်း ပျောက်ကွယ်ရန်အတွက် ပြည် သူလူထုတရပ်လုံးကလုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန် တရပ်ဖြစ်သည်။ တအာင်းဒေအတွင်း မူးယစ်ဆေးဝါးပြဿနာ အမှန်တကယ်ပပျောက်ကင်းစင်းရန်အတွက် တရားဥပဒေစိုးမိုးရေးအခြေခံတွင် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းကို စနစ်တကျလုပ်ဆောင်သွားရမည်။

Leave a Reply

Your email address will not be published. Required fields are marked *