လက်ရှိပြင်းထန်နေသည့် တိုက်ပွဲများကို မရပ်ဆိုင်းပဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ သဘောထားထုတ်ပြန်ချက်

PSLF_Letter_head
လက်ရှိပြင်းထန်နေသည့် တိုက်ပွဲများကို မရပ်ဆိုင်းပဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ အလုပ်မဖြစ်နိုင်ပါ

သဘောထား ထုတ်ပြန်ချက်အမှတ် ( ၅/ ၂၀၁၅)
၁၇ ရက်၊ မတ်လ၊ ၂၀၁၅ ခုနှစ်

၁။ တအာင်းဒေသ၊ ကိုးကန့်ဒေသများတွင် မြန်မာ့တပ်မတော် တပ်မ (၁၁)၊ (၃၃)၊ (၅၅)၊ (၆၆)၊ (၇၇)၊ (၈၈)၊ (၉၉) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ စကခ(၁၆)၊ ဒစက-လောက်ကိုင်၊ ဒစက-ခွတ်ခိုင် အစရှိသည့် များပြားလှသည့် တပ်အင်အားများ ဖြန့်ကျက်ပြီး ထိုးစစ်ဆင် လှုပ်ရှားလျက်ရှိသည်။ တအာင်းတပ်မတော် T.N.L.A၊ ကိုးကန့်တပ်မတော် M.M.D.A.A၊ ရက္ခိုင်တပ်မတော် A.A တိုင်းရင်းသား စုပေါင်းတပ်ဖွဲ့တို့နှင့် မြန်မာ့တပ်မတော် တိုအကြား တိုက်ပွဲထိတွေ့ မှုများမှာ နေ့စဉ်နီးပါး ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပါသည်။

၂။ မြန်မာ့တပ်မတော်မှ သွာလွန်သည့် ထိုးစစ်အင်အားအပြင် ဖျက်အားပြင်း လက်နက်ကြီးများ၊ တင့်ကား၊ သံချပ်ကာကားများ၊ လေကြောင်းပစ် စစ်ဆင်ရေး ပေါင်းစုံအသုံးပြုကာ တိုင်းရင်းသား စုပေါင်းတပ်ဖွဲ့တို့အား ပြည်ပကျူးကျော်စစ် သဖွယ် တိုက်ခိုက်စစ်ဆင်နေပါသည်။

၃။ ထိုကဲ့သို့ တအာင်းနှင့် ကိုးကန့် ဒေသတို့တွင် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေသည့် အချိန်ကာလအတွင်း မမိတို့ အဖွဲ့အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ N.C.C.T နှင့် မြန်မာအစိုးရ၏ U.P.W.C တို့ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် ရန်ကုန်မြို့တွင် (၇) ကြိမ်မြော် တွေ့ဆုံဆွေးနွေးနေပါသည်။ ဆွေးနွေးပွဲ မတိုင်မီ K.I.O/K.I.A ခေါင်းဆောင်များကို မြန်မာအစိုးရ ထိပ်သီးခေါင်းဆောင်များဖြစ်သည့် သမ္မတ၊ ဒုသမ္မတ နှင့် စစ်ဦးစစ်ချုပ်တို့ ကိုယ်တိုင် နေပြည်တော်တွင် တွေ့ဆုံကာ လက်နက်ကို ပဋ္ဋိပက္ခအပေါ် အမြင်သဘောထားများ ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

၎။ ထိုးကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို ပြည်တွင်းစစ်မီး ရန်တန့်ရေးအား ဦးတည်နိုင်သည့် ခြေလှမ်းများအဖြစ် မိမိတို့ P.S.L.F/T.N.L.A က ကြိုဆို မျှော်လင့်ပါသည်။ သို့သော မွန်မြတ်လှသည့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် ၀ိုင်းဝန်းလုပ်ဆောင် ဆွေးနွေးနေသော်လည်း မိမိတို့ တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေသည်မှာ တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအဖြေ ရရှိနိုင်မည် မဟုတ်ဟု သတိပေး ထောက်ပြလိုက်ပါသည်။

၅။ ထို့ကြောင့် တအာင်းဒေသ၊ ကိုးကန့်ဒေသတွင် မြန်မာ့တပ်မတော် ထိုးစစ်များ ရပ်တန့်ခြင်း၊ မြန်မာ့တပ်မတော် စစ်ဆင်ရေးတပ်မများ ပြန်လည်ရုပ်သိမ်းခြင်းတို့ မပြုလုပ်မချင် ခုခံကာကွယ်သည့် စစ်ရေးနည်းလမ်းဖြင့် ဆက်လက် ခုခံတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိမိတို့ P.S.L.F/T.N.L.A ၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

ဗဟိုကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A)

ဆက်သွယ်ရန် – သတင်းနှင့်ပြန်းကြားရေးဌာန PSLF/TNLA
(၉၅) ၀၉ ၄၉၃၁ ၄၉၅၁၊ (၈၆) ၁၅၃ ၈၈၈၂ ၀၃၂၈၊ (၈၆) ၁၈၃ ၁၃၄၆ ၈၇၃၀

သဘောထားထုတ်ပြန်ချက် ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။