“ ၅၅ ” နှစ်ပြည့် တအန်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ “ ၅၅ ” နှစ်ပြည့် တော်လှန်ရေးနေ့ အခမ်းအနားကို တအန်းပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာ၌ ယနေ့ နံနက် ၀၄း၀၀ နာရီမှ နေ့လည် ၁၁း၄၅ နာရီအချိန်ထိ အောင်မြင်စွာကျင်းပ ပြီးမြောက်ခဲ့ပါသည်။
အခမ်းအနားတွင် (၁) တားခွမ်တောင်း စစ်ကြောင်း၊ (၂) တားခွန်အေး စစ်ကြောင်း၊ (၃) တားဂေါင်းဂျား စစ်ကြောင်း၊ (၄) တားညီလုံ စစ်ကြောင်း စစ်ရေးပြ စစ်ကြောင်း ၄ ကြောင်းတို့ဖြင့် ချီတက် ခဲ့ပါသည်။
အခမ်းအနားသို့ မဟာမိတ် တပ်ဖွဲ့များ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA၊ တအန်းရဟန်းသံဃာတော်များ၊ တအန်းမိဘပြည်သူများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဗဟိုကော်မတီဝင်များ စစ်ဦးစီး အရာရှိအရာခံများ တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA