ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – မိတ်ဆက်

၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ သေနတ်ကိုင် တပ်ရင်းကို ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA အဖြစ် ၁၉၇၆ ခုနှစ်တွင် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဉက္ကဌ တာခွန်သောင်း ၏ ဦးဆောင်မှုအောက်တွင် ပလောင်အမျိုးသားလွတ်မြောက် ရေးအတွက် တော်လှန်သောစိတ်ဓါတ်ကို ခိုင်မာစွာစည်းရုံးလှုံ့ဆော်နိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး လမ်းစဉ်များကို မှန်ကန်စွာ ချမှတ်ကျင့်ဆောင်နိုင်ခဲ့သည်။

သို့သော် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်သည် နဝတ စစ်တပ်၏ဖြတ်လေးဖြတ်အပါဝင် နည်းမျိုးစုံ ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် ၁၉၉၁ ဧပြီလ (၂၁) ရက်နေ့တွင် နဝတ နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ရပါသည်။ ထို့နောက် နဝတ တဖြစ်လည်း နအဖ စစ်အုပ်စုက ကောက်ညစ်သည့် နည်း ပရိယာယ် အမျိုးမျိုးဖြင့် အင်အားသုံး ဖိအားပေးမှုကြောင့် ၂၀ဝ၅ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် လက်နက် အပ်ခဲ့ရပါသည်။

နအဖ ဖက်ဆစ်စစ်ဝါဒီတို့သည် နည်းလမ်းအမျိုးမျိုးသုံးကာ ပလောင်အမျိုးသားတို့၏ လက်နက်ကို ရုပ်သိမ်းနိုင်ခဲ့ သော်လည်း၊ ပလောင်အမျိုးသားတို့၏ အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်ဓါတ်ကား ပလောင်အမျိုးသား တို့၏ ရည်မှန်းချက် ပန်းတိုင် မရောက်မချင်း ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။

PSLA အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း တွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုတွင် အဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ်စေလွှတ်ထားသော ပလောင်လက်နက်ကိုင်တပ်ဖွဲ့သည် ပလောင်ဒေသရှိ မိခင်အဖွဲ့အစည်းသို့ မပြန် တော့ပဲ မာနယ်ပလောတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် တော်လှန်ရေး အင်အားစုများ၏ အကူ အညီဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဉီး PSLF ကိုဖွဲ့စည်းကာ ပလောင်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။

ထိုနောက်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)၏ ကူညီပံ့ပိုးပေးမှု အောက်တွင် PSLF တပ်ဖွဲ့ဖြင့် WNO အဖွဲ့အစည်း နှင့်အတူ စစ်ရေးလုပ်ငန်းများကို ယနေ့အထိ ပူးတွဲလှုပ်ရှားလာခဲ့ပါသည်။

နောက်ပိုင်းတွင် လက်နက်ကိုင်လှုပ်ရှားမှုကို ပလောင်ဒေသအတွင်းဝင်ရောက်လှုပ်ရှားနိုင်ရန်အတွက် ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦးသည် ယခင် PSLA စစ်ဦးစီးချုပ်ဖြစ်သည့် တားညီလုံနှင့်ညှိနှိုင်းတိုင်ပင်ပြီး ပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ကို ၂၀ဝ၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းလှုပ်ရှား ခဲ့ပါသည်။

သို့သော် တားညီလုံ ကွယ်လွန်သွားပြီးနောက် အခက်အခဲ အမျိုးမျိုးကြောင့် ပလောင်တပ်ဖွဲ့လုပ်ငန်း များ မျော်မှန်းသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ချေ။

ပလောင်(တအာင်း)ဒေသကို လက်တွေ့ ကာကွယ်နိုင်ရန်အတွက် ပလောင်တပ်ဖွဲ့တဖွဲ့မှာမရှိမဖြစ်လိုအပ်သည့် အခြေအနေဖြစ်လာသောကြောင့် ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ တွင်ကျင်းပသည့် တပ်ဦး၏တတိယအကြိမ် ညီလာခံ၌ PSLA တပ်မှူးကြီးများအချို့နှင့်စုစည်းကာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် Ta-ang National Liberation Army (TNLA)ကို အတည်ပြုဖွဲ့စည်းခဲ့ကြပါသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တအာင်းလူငယ်များကိုစုစည်းပြီး ကေအိုင်အေ တပ်မဟာ ၃ ရှိ ဝါရာဘုမ် တွင် စစ်ပညာများစတင်လေ့လာရယူကာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ်မှ တအာင်း ဒေသ အတွင်းသို့ ခရီးရှည်ချီတက်ခဲ့ပြီး တအာင်းတပ်ဖွဲ့ TNLA ကို လက်တွေ့အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။

နိုင်ငံရေးဦးတည်ချက်
(က) တအာင်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။

(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး။

(ဂ) လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး။

(ဃ) အမျိုးသားတန်းတူရေးနှင့်အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး။

(င) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး။

လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ်

(က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေးလုပ်ငန်းစဉ်

၁။ တအာင်းပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ကာ နည်းလမ်းသဏ္ဌာန်ပေါင်းစုံဖြင့် အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်သွားမည်။

၂။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ အစရှိ သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မဟာမိတ်ပြုကာ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေ စီရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်။

၃။ နိုင်ငံရေးအရတန်းတူညီမျှမှုရှိပြီး ဖွဲ့စည်းပုံအခြေခံဉပဒေအရအာမခံမှုရှိသည့် တအာင်းပြည်နယ်ရရှိရေး အတွက် တအာင်းပြည်သူ တရပ်လုံးကို စည်းရုံးလှုံ့ဆော်ကြိုးပမ်းဆောင်ရွက်သွားမည်။

၎။ တော်လှန်ရေးအင်အားစုများနှင့်အတူပူးပေါင်းကာ မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအား နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးပြီး စစ်မှန်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

၅။ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေးအတွက် နိုင်ငံတကာအကူအညီ အထောက် အပံ့များရရှိအောင် ကြိုးပမ်း ဆောင်ရွက် သွားမည်။

(ခ) အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်
၁။ အမျိုးသားလွတ်မြောက်ရေးအတွက် တရားမျှတသောတော်လှန်ရေးတိုက်ပွဲကို တအာင်းပြည်သူတရပ်လုံးက နားလည်သဘော ပေါက်သက်ဝင်ယုံကြည်လာပြီး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

၂။ မိမိတို့ တအာင်းပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုအတွင်း မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီကို ဆန့်ကျင်တိုက်ခိုက်သွားမည်။

၃။ စစ်အုပ်စုသွေးခွဲမှုကြောင့် ရပ်တည်ချက်အမြင်အမျိုးမျိုးကွဲပြားနေသော တအာင်းဒေသအတွင်းရှိ အဖွဲ့အစည်းအသီးသီး တို့ကို စည်းရုံးလှုပ်ရှားကာ ပလောင်အမျိုးသားလွတ်မြောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်။

၎။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မြန်မာစစ်အုပ်စု၏ သွေးခွဲဝါဒဖြန့်မှုများကို ဆန့်ကျင်တိုက်ဖျက် သွားပြီး၊ စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်။

၅။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံပေးနိုင်သည့် ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေးကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမို ကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်။

(ဂ) နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေးလုပ်ငန်းစဉ်
၁။ တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် သိပ်သည်းကျစ်လစ်ပြီးအရည်အချင်းရှိသောတပ်ဦး ဖြစ်လာ စေရန် တည်ဆောက်မည်။

၂။ စည်းရုံးရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ကြံ့ခိုင်သောအဖွဲ့အစည်းတရပ်ဖြစ်လာစေရန် တဆင့်ပြီးတဆင့် စနစ်တကျ တည်ဆောက်မည်။

၃။ ဒီမိုကရေစီကျင့်စဉ်ကိုအခြေခံ၍ စည်းမဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင်အထည်ဖော်ပြီး နိုင်ငံရေး အရ စည်းလုံးညီညွတ်သော အဖွဲ့အစည်းတရပ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

တပ်ဦး၏ နိုင်ငံရေးရပ်တည်ချက်
တပ်ဦးသည် တအာင်းလူမျိုးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေယဉ်ကျေးမှု အစရှိသည့် ကဏ္ဍအသီးသီး တိုးတက်ဖွံ့ဖြိုးရေးအတွက် ဒီမိုကရေစီနည်းလမ်းအတိုင်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်။

ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် တအာင်းအမျိုးသားထု တရပ်လုံး အတွက် သော်လည်းကောင်း၊ တအာင်းဒေသတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် သော်လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် အမျိုးသားတန်းတူရေးကို အခြေခံထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်။

ထိုကဲ့သို့ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ပြည်သူလူထုအားဖိနှပ်ချုပ်ချယ်သော အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး အမျိုးသားကိုယ်ပိုင်ပြဌာန်း ခွင့်ကို အာမခံသည့် ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးအတွက် တစိုက်မတ်မတ်ဦးတည် ဆောင်ရွက်သွားမည်။
တအာင်းအမျိုးသားတို့၏ စာပေယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး၊ နယ်မြေ အစရှိသည်တို့ကို ကာကွယ် စောင့်ရှောက်ထိန်သိမ်းမြှင့်တင်နိုင်ရန် ထိုက်သင့်သည့်နယ်မြေအကျယ်အဝန်းရှိသော တအာင်းပြည်ကို ဖွဲ့စည်း ထူထောင်ကြရမည်။

ထိုကဲ့သို့သော တအာင်းပြည်နယ်ကို ဖွဲ့စည်းထူထောင်ရာတွင် နယ်မြေချင်း ဆက်စပ်နေထိုင်လျက်ရှိသော အခြား တိုင်းရင်းသား လူမျိုးများ-အထူးသဖြင့်ရှမ်းလူမျိုးများနှင့် နားလည်မှုများမပျက်ပြားစေဘဲ အပြန်အလှန် လေးစားအသိအမှတ်ပြု မှုရှိသည့်နည်းလမ်းများ ဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

တပ်ဉီး၏တော်လှန်ရေးတိုက်ပွဲသဏ္ဌာန်
အဖိနှိပ်ခံပြည်သူဖက်မှ အစဉ်တစိုက်ရပ်တည်သော တပ်ဉီးသည် လူသားမဆန်ပဲအကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေ သော စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲသဏ္ဌာန်ဖြင့် အဓိကထား ဆန့်ကျင်တိုက်ခိုက် သွားမည်။ တပ်ဦး၏ နိုင်ငံရေး ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲကို တပ်ဦး၏ နိုင်ငံရေး၊ စည်းရုံးရေး၊ သံတမန်ရေး တိုက်ပွဲ သဏ္ဌာန်များဖြင့် ဟန်ချက်ညီညီပေါင်းစပ်ဖော်ဆောင်သွားမည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် စပ်လျဉ်းသည့် သဘောထား
စစ်အာဏာရှင်တို့၏ မတရားဖိနှိပ်အုပ်ချုပ်မှုမှလွတ်မြောက်ရန်အတွက်နှင့် တိုင်းရင်းသားလူမျိုးတို့၏ အမျိုးသား တန်းတူညီမျှ ရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးသည် တရားသောတော်လှန်ရေးဖြစ်သည်။

ဘုံရန်သူ စစ်အာဏာရှင်နှင့် စပ်လျဉ်းသည့် သဘောထား

မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို ဆင်းရဲဒုက္ခအတိဖြစ်အောင် နည်းလမ်းပေါင်းစုံဖြင့် ရက်စက်ဖိနှပ် ချုပ်ချယ်သည့် မြန်မာစစ်အုပ်စုသည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သည်။ တပ်ဦး၏ ဦးစားပေးတိုက်ဖျက်ရမည့် ရန်သူ ဖြစ်သည်။

၂၀ဝ၈ မေလတွင် အတည်ပြုခဲ့သော စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဉပဒေ နှင့် စပ်လျဉ်း သည့် သဘောထား
၂၀ဝ၈ ခုနှစ် မေလလူထုဆန္ဒခံယူပွဲသည် တရားမျှတမှုလုံးဝမရှိခြင်း၊ နိုင်ငံတကာစောင့်ကြည့်လေ့လာ ရေးအဖွဲ့များ မပါရှိခြင်း၊ နအဖ စစ်အုပ်စုတို့၏ လူထုဆန္ဒကို မသမာသည့်နည်းလမ်းပေါင်းစုံဖြင့် တဘက်သတ် အနိုင်ယူခဲ့ခြင်းသာဖြစ် သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ၉၂ ရာခိုင်နှုန်း ကျော်ထောက်ခံသည်ဟု ကြေညာသော်လည်း ထိုရလာဒ် အဖြေမှာ မည်ကဲ့သို့မှ တရားဝင်မည်မဟုတ်ပေ။

၂၀ဝ၈ ခုနှစ် မေလတွင် အတည်ပြုခဲ့သော စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဉပဒေ အတိုင်းတာ ကျင့်သုံး ခဲ့လျှင် စစ်အာဏာရှင်တို့အား မြန်မာပြည်ကို တရားဝင်အုပ်ချုပ်ခွင့်ရသည့် အာဏာရှင် အစိုးရအဖြစ် အသိအမှတ်ပြု ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် ပြည်သူလူထု တို့၏ လူနေမှုဘဝမှာ လက်ရှိအခြေအနေထက်များစွာ ဆိုးရွားနိမ့်ကျ သွားမည်ဖြစ်ပြီး မြန်မာပြည်ကြီး သည်လည်း ပျက်ဆီးမှု အလုံးစုံသို့ ဆက်တိုက် ကျရောက်သွားမည် ဖြစ်သည်။

တအာင်းပလောင်ဒေသ စီးပွားရေးနှင့် စပ်လျဉ်းသည့် သဘောထား

နိုင်ငံရေးပြဿနာအပေါ်အခြေခံ၍ အာဏာရှင်များ၏ ဖိနှိပ်ချုပ်ကိုင်ထားမှုကြောင့် တအာင်းဒေသ အတွင်း လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်ခွင့်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့်များ မရရှိကြပဲ အာဏာရှင်များ၏ လက်ဝါး ကြီးအုပ် စီးပွားရေးပေါ်လစီ အောက်တွင် တအာင်းပြည်သူများ၏စီးပွားရေးအခြေအနေမှာ အနိမ့်ကျဆုံး အဆင့် သို့ ကျရောက်လျက်ရှိသည်။

တအာင်းဒေသအတွင်း စီးပွားရေး ခိုင်မာ တောင့်တင်းလာစေရန်အတွက် ပွင့်လင်းမြင်သာသော ဒီမိုကရေစီအုပ်ချုပ်မှုတွင် လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်ခွင့်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံ ခွင့်နှင့် လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်စေရန်အတွက် အထူးဆောင်ရွက်ရန်လိုအပ်သည်။

တအာင်းဒေသ သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် နှင့် စပ်လျဉ်းသည့် သဘောထား

တအာင်းဒေအတွင်းရှိ သဘာဝအရင်းအမြစ်များ၏ မူလပိုင်ရှင်သည် ဒေသခံပြည်သူလူထုများသာ ဖြစ်သော ကြောင့် သဘာဝ အရင်းအမြစ်နှင့် ပတ်သက်၍ စီမံခန့်ခွဲပိုင်ခွင့်သည်လည်း တအာင်းဒေသခံ မိဘပြည်သူများ သာဖြစ်သည်။
တအာင်းဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်သည် ပြည်သူလူထု တရပ်လုံးက စုပေါင်းထိန်းသိမ်းရမည့် တာဝန်ဖြစ်ပြီး အုပ်ချုပ်သူများမှ ပြည်သူလူထုတို့၏ ဆန္ဒနှင့်အညီ စည်းမျဉ်းဉပဒေများ ပြဌာန်းကာကွယ်ပေးရမည်။

တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး နှင့် စပ်လျဉ်းသည့် သဘောထား
မူးယစ်ဆေးဝါး သည်တအာင်းအမျိုးသားတရပ်လုံး၏ အဓိကရန်သူ တခုဖြစ်ပြီး တအာင်းဒေသတွင်း မူးယစ် ဆေးဝါး အမြစ်ပြတ်ပပျောက်သွားစေရန်အတွက် ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည်။

စစ်အာဏာရှင်အုပ်စုအဆက်ဆက်သည် ၄င်းတို့၏ အကျိုးစီးပွါးနှင့် အာဏာရှင်စနစ် တည်မြဲရေးအတွက် တိုင်းရင်းသားများ နေထိုင်ရာဒေသများ၌ မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သုံးစွဲမှုများကို နည်းအမျိုး မျိုးဖြင့် ခွင့်ပြုထားခြင်းဖြင့် သော်လည်းကောင်း၊ တိုက်ရိုက်ပါဝင်ပတ်သက်၍သော်လည်းကောင်း ပါဝင် ပတ်သက်နေကြပါသည်။

သို့ဖြစ်ပါ၍ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်စိုက်ပျိုးထုတ်လုပ်သုံးစွဲသည့် ပြဿနာများ ကျဆင်း ပျောက်ကွယ်ရန် အတွက် ပြည်သူလူထုတရပ်လုံးက လုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန်တရပ်ဖြစ်သည်။ တအာင်းဒေသ အတွင်း မူးယစ်ဆေးဝါး ပြဿနာ အမှန်တကယ် ပပျောက် ကင်းစင်းရန်အတွက် တရားဥပဒေစိုးမိုးရေးအခြေခံတွင် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းကို စနစ်တကျ လုပ်ဆောင်သွားရမည်။

PSLF/TNLA လက်စွဲစာအုပ်မှ ကောက်နှုတ်တင်ပြသည်။