“တအာင်း၊ ကိုးကန့် နှင့် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီး ပိုမိုကြီးမားလာသည့် အခြေအနေ” ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်

PSLF_Letter_head“တအာင်း၊ ကိုးကန့် နှင့် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီး ပိုမိုကြီးမားလာသည့် အခြေအနေ”
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)
၁၇ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၅

၁။ တအာင်း၊ ကချင်၊ ရှမ်း၊ ကိုးကန့် အစရှိသည့် တိုင်းရင်းသားဒေသများတွင် မြန်မာအစိုးရ၏ စစ်အင်အားများ ပိုမိုတိုးချဲ့ ထိုးစစ်ဆင်နေခြင်းသည် ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေပြီး၊ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်။
၂။ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ လက်ရှိ စစ်ရေးလုပ်ဆောင်ချက်သည် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် ကြိုးပမ်းမှုကို ထိခိုင်စေသည့်အပြင် နိုင်ငံရေဿနာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာရန် အတွက်လည်း ကြီးမားသည့် စိန်ခေါ်မှု ဖြစ်စေပါသည်။ ပြည်တွင်းစစ်မီး ပိုမိုကြီးမားစေရန်အတွက် လိုအပ်သည့်ထက် စစ်အင်အားသုံးကာ လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို လမ်းကြောင်းလွဲ ဖြေရှင်းရန် ကြိုးပမ်းသည့် မြန်မာစစ်ခေါင်းဆောင်များ၏ လမ်းဟောင်းဗျူဟာ တစ်ရပ်သာ ဖြစ်သည်။

၃။ ကိုးကန့် ဒေသတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် အပစ်မဲ့ ဒေသခံ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ လုပ်ရပ်သည် နိုင်ငံတာ စစ်ဥပဒေကို ချိုးဖောက်သည့် အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်သည့် အတွက် မိမိတို့ P.S.L.F/T.N.L.A မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်။

၎။ မိမိတို့ P.S.L.F/T.N.L.A သည် တိုင်းရင်းသားအဖွဲ့များ၏ N.C.C.T တွင် ပါဝင်ပြီး တပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေး သသောတူစာချုပ်-NCA အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိပါသည်။ ထိုကဲ့သို့ တွေ့ဆုံ ညှိနှိုင်းရာတွင် U.N.F.C တပ်ပေါင်းစု မူအတိုင်း တပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ရန် ဆက်လက် ရပ်တည်ဆောင်ရွက်လျက် ရှိပါသည်။

၅။ ထိုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေး နေစဉ် ကာလအတွင်း မိမိတို့၏ တိုင်းရင်းသား နယ်မြေဒေသများသို့ အကြောင်း အမျိုးမျိုးပြပြီး ဗိုလ်ကျစိုးမိုးလာသည့် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်လှုပ်ရှားမှုကို ဒေသခံပြည်သူလူထုများ နှင့် အခိုင်အမာလက်တွဲပြီး မိမိတို့၏ နယ်မြေဒေသနှင့် လူမျိုးများအတွက် ခုခံကာကွယ် သွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

“ဘ်ုပ်ဘိုန် ကုင်တအာင်း”

ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A)
ဆက်သွယ်ရန် – သတင်းနှင့်ပြန်းကြားရေးဌာန PSLF/TNLA .. (၉၅) ၀၉ ၄၉၃၁ ၄၉၅၁၊ (၈၆) ၁၅၇ ၅၈၉၄ ၅၁၇၀

သဘောထားထုတ်ပြန်ချက်  ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။