တအာင်းတပ်မတော်၏ (၄)ကြိမ်မြောက် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနား အောင်မြင်စွာကျင်းပ

တအာင်းတပ်မတော်၏ (၄)ကြိမ်မြောက် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနား အောင်မြင်စွာကျင်းပ
 
ရက်စွဲ – ဇွန်လ(၂၆)ရက်၊ ၂၀၁၇ ခုနှစ်။
 
နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA မှ ပြုလုပ်သည့် (၄)ကြိမ်မြောက် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားအား မြန်မာ့တပ်မတော်၏ ပြင်းထန် သော ထိုးစစ်ဆင်တိုက်ခိုက်မှုအကြားတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
 
 

အခမ်းအနားအား ယနေ့မနက် (၀၈း၀၀)နာရီစတင်ဖွင့်လှစ်ကာ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ချုပ်တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုဝ်ပ္လါင်တို့မှ တက်ရောက်မိန်းခွန်းပြောခဲ့ပြီး PSLF/ TNLA ၏ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးစီမံချက်အကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
 
ထိုနောက် အထွေထွေအုပ်ချုပ်ရေးမှူးဌာနမှ ဌာနမှူးဒုဗိုလ်မှူးကြီး တားဂူ;ဂျားမှ “နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် PSLF/TNLA ၏ သဘောထားထုတ်ပြန်ချက်”အား လူထုရှေ့မှောက်တွင် ဖတ်ပြ၍လည်းကောင်း၊ ရူမံင်းဆရာတော် ဦးခန္တီနှင့် ရပ်မိရပ်ဖကိုယ်စား တာအကျာတို့မှလည်းကောင်း ဒေသခံ လူထုနှင့်အတူ မူးယစ်းဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းလုပ်ဆောင်ပေးသော တအာင်းတပ်မတော်အား ကျေးဇူး တင်စကား၊ အထိမ်းအမှတ်စကားတို့ တက်ရောက်ပြောကြားခဲ့သည်။

ထို့နောက် (၁၀း၀၀)နာရီအချိန်တွင် PSLF/TNLA မှ ၂၀၁၅-၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးမိထားသော ဘိန်းဖြူ (၃၀.၉ ) ကီလို၊ ယာဘဆေးပြား (၃,၁၆ဝ,၆၄၆)ပြား၊ ဘိန်းမဲနှင့်ဘိန်းဆီခဲ (၁၀၈.၇)ပိဿာ စုစုပေါင်း (၇,၁၀၂, ၃၄၂,၀၀၀) တန်းဖိုးရှိသော မူးယစ်ဆေးဝါးများကို ဒေသခံ ရပ်မိရပ်ဖများ၊ သံဃာတော်များနှင့်အတူ မီဒီယာများ၊ ဒေသခံလူထုများ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး (၁၂း၀၀)နာရီတွင် အခမ်းအနားအား ရုပ်သိမ်းကာ ကြွရောက်လာသော ရပ်မိရပ်ဖများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
 
ယနေ့မူးယစ်ဆေးဝါးမီးရှို့ပွဲအခမ်းအနားသို့ တအာင်းပြည်သူများ (၁၂၀၀)ကျော်ကြွရောက်ပြီး အခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA