ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ပေးပို့သော “ဂုဏ်ပြုသ၀ဏ်လွှာ”

UNFC_logoပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – တအာင်းအမျိုးသားတပ်မတော် (PSLF/TNLA) ၏ (၅၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့်
“ဂုဏ်ပြုသ၀ဏ်လွှာ”
၂ဝ၁၅ ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၂ ရက်နေ့

၂၀၁၅ ခု၊ နှစ်သစ်မင်္ဂလာ အခါသမယ – ဇန်န၀ါရီလ (၁၂) ရက်နေ့သည် တအာင်းအမျိုးသားတရပ်လုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန်အတွက် အာဏာရှင်အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ခုခံတော်လှန် ဆန့်ကျင်လာခဲ့သည်မှာ (၅၂) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဤ သမိုင်းဝင်နေ့ရက်တွင် တအာင်းတော်လှန်ရေး ဦးဆောင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားတပ်မတော် (PSLF-TNLA) မှ ခေါင်းဆောင်များ၊ တပ်မှူးတပ်သား အပေါင်းနှင့်တကွ  တအာင်းပြည်သူအပေါင်း ဘေးရန်ကင်းကွာ ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သ ဆုတောင်း မေတ္တာပို့သပါသည်။

တအာင်းအမျိုးသားလုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်သည့် အမျိုးသားတန်းတူညီမျှရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်သစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် PSLF/TNLA သည် ဘ၀တူတိုင်းရင်းသားညီနောက်များနှင့်အတူ  တော်လှန်ရေးတပ်ပေါင်းစု အဆင့်ဆင့်တွင် ကျရာတာဝန် အခန်းကဏ္ဍ များကို ကျေပွန်စွာ ထမ်းဆောင်နေသည့်အပြင် ပြည်သူနှင့် တပ်ဦး ညီညွတ်မျှတစွာ ဦးဆောင်မှု မြှင့်နိုင်စွမ်းရှိသော လွတ်မြောက်ရေးရှေ့ဆောင် တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်သည့်အပေါ် UNFC အနေဖြင့် အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်သည်။

ရှေ့ဆက်၍ တော်လှန်ရေးအဆင့်ဆင့်မှ တိုးတက်ဖြစ်ထွန်းလာသည့် စုစည်းညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းရင်း တအာင်းအမျိုးသားပြည်သူများနှင့်အတူ ညီနောက်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ တူညီသော ဘုံနိုင်ငံရေး – အန္တိမရည်မှန်းချက် ရောက်သည့် တိုင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သန္နှိဋ္ဌာန် ချမှတ်လျှက် – ဤ UNFC ၏ ဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

“ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်”

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ
U.N.F.C

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ပေးပို့သော “ဂုဏ်ပြုသ၀ဏ်လွှာ” ကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။